By – Lin Kha
ပရီးမီးယားလိဒ်ရဲ့ ၂၀၂၆ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ စတာလင်ပေါင် (၃.၄၆) ဘီလီယံအထိ ရှိခဲ့ပြီး ဒါဟာ ပရီးမီးယားလိဒ် သမိုင်းတစ်လျှောက်အများဆုံးစံချိန် လည်းဖြစ်ပါတယ်။
ပရီးမီးယားလိဒ်ရဲ့ အသုံးစရိတ် အများဆုံးရာသီကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ရာသီဖြစ်ပြီး စတာလင်ပေါင် (၃.၁၄) ဘီလီယံထိရှိခဲ့ပြီး ယခု အခါ (၃.၄၆) ဘီလီယံနဲ့ စံချိန် သစ်တင်နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း (၁၀၀) တန်အပြောင်းအရွှေ့ ၅ ခုအထိ ဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီအထဲမှာ အပြောင်းအရွေ့ ၂ ခုကို မန်စီးတီးအသင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ချယ်ဆီး ကွင်းလယ်လူ အန်ဇိုဖာနန်ဒတ်ကို ဗြိတိသျှစံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၁၂၅ ) သန်းနဲ့ ခေါ်ယူခဲ့ပြီး အီလီယက်အန်ဒါဆန်ကို အင်္ဂလိပ်ကစားသမားတွေထဲက စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
အန်ဒါဆန်ရဲ့ အင်္ဂလိပ်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံးစံချိန်ကို ချယ်ဆီးအသင်းရဲ့ မော်ဂန်ရော်ဂျာ က ပေါင် (၁၁၇) သန်းနဲ့ စံချိန်တင် ထပ်တင်နိုင်ခဲ့ပါတယ်။
နောက်ထပ် သန်း၁၀၀ ပြောင်းရွှေ့မှုတွေကတော့ လီဗာပူးရဲ့ ပေါင် (၁၂၃) သန်းတန် ဘာကိုလာ နဲ့ စပါးရဲ့ပေါင်သန်း ၁၀၀ တန် တိုနာလီတို့ ဖြစ်ပါတယ်။ ဒီနှစ်နွေရာသီရဲ့ ငွေသုံးအများဆုံးအသင်းကတော့ မန်စီးတီးအသင်းဖြစ်ပြီး ပေါင် (၄၅၈) သန်းဖြစ်ပြီးဒီပမာဏ ဟာ အသင်းသမိုင်းတစ်လျှောက်အများဆုံးရာသီ လည်းဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ ကစားသမားရောင်းချရာကနေ ပေါင် (၃၀၄) သန်းပြန်ရခဲ့တာကြောင့် အသားတင်အသုံးစရိတ်ဟာ ပေါင်(၁၅၄)သန်းသာရှိခဲ့ပါတယ်။ ဒီနှစ်နွေရာသီရဲ့ အသားတင်အသုံးစရိတ်အများဆုံးအသင်းကတော့ လီဗာပူးအသင်းဖြစ်ပြီး ပေါင် (၁၇၂)သန်းဖြစ်ပြီး ဒုတိယအသင်းကတော့ စပါးအသင်းဖြစ်ကာ ပေါင် (၁၆၅) သန်း သုံးစွဲခဲ့ပါတယ်။
ဒီရာသီကစားသမားရောင်းချရာကနေ အများဆုံး ပိုက်ဆံရခဲ့တာကတော့ချယ်ဆီးအသင်းဖြစ်ပြီး အပိုဆုကြေးတွေပါ ထည့်သွင်းရေတွက်မယ်ဆိုရင် စုစုပေါင်း စတာလင်ပေါင် (၅၁၉)သန်းအထိ ရှိခဲ့ပါတယ်။
ဓါတ်ပုံ – Crd