ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင် ၁၅ အနီးမှာ မနေ့ (စက်တင်ဘာ ၂) နေ့လည် ၂ နာရီခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၂ ဦး ထိခိုက်မှု ရှိတယ်လို့ ယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရန်ကုန် – ဘားအံ ပြေးဆွဲနေတဲ့ မိဘဂုဏ် ယာဉ်လိုင်းက တိမ်းမှောက်ခဲ့တာဖြစ်ပြီး ယာဉ်ပေါ်ပါရှိတဲ့ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၈ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းဝင်တွေက ဒဏ်ရာပြင်းထန်သူ ၆ ဦးကို မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ကားအောက်ပိုင်းပိနေတဲ့ အမျိုးသားတစ်ဦးကတော့ သေဆုံးသွားတယ်လို့ ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦးက ပြောပါတယ်။
“သူက ဒဏ်ရာအပြင်းဆုံးလို့ ပြောလို့ရတယ်။ ကားကို ကရိန်းနဲ့မပြီးမှ ထုတ်ရတာ။ ကားအောက်ဝင်နေတာလေ။ ဆေးရုံရောက်တော့ သိပ်မကြာလိုက်ဘူး။ ဆုံးသွားတယ်” လို့ ပြောပါတယ်။
အသေးစားပွန်းပဲ့ ဒဏ်ရာရသူ ၆ ဦးကိုတော့ လှည်းကူးမြို့နယ်ကို ပို့ဆောင်ထားပြီး ယာဉ်တိမ်းမှောက်ရတဲ့ အကြောင်းအရင်းကိုတော့ Pepole Radio Myanmar အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အလားတူ စက်တင်ဘာ ၁ ည ၉ နာရီ အချိန်ကလည်း ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး – ကျိုင်းတုံအမြန်လမ်း၊ မိုင်တိုင် ၅၅၅/၅ နဲ့ ၅၅၆/၀ ကြား၊ မိုင်းပျဉ်းမြို့နယ်၊ ခမ်းပေါ့နဲ့ တောင်သုံးလုံးကျေးရွာကြားမှာ အဝေးပြေးယာဉ်လိုင်း တစ်စီးတိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။
တိမ်းမှောက်တဲ့ကားဟာ ဧကရာဇ် ယာဉ်လိုင်းကဖြစ်ပြီး ကားတစ်စီးလုံးဟာ ပေ ၅၀ ခန့်နက်တဲ့ ချောက်ထဲကို ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်စဉ်အတွင်း ယာဉ်ပေါ်လိုက်ပါလာသူ ၂၈ ဦးထဲက အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးတစ်ဦးကတော့ ပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုပါတယ်။
ထိခိုက် ဒဏ်ရာရသူ ၁၉ ဦးကို မီးသတ်နဲ့ တုံတာ လူမှုကူညီရေးအသင်းဝင်တွေက သွားရောက်ကယ်ဆယ်ခဲ့ပြီး တုံတာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အမြန်လမ်းတွေမှာ ယာဉ်မတော်တဆမှုပေါင်း ၁၈ မှုအထိ ဖြစ်ပွားခဲ့ရာ လူ ၃၃ ဦးအထိ ထိခိုက်မှုရှိခဲ့ပြီး အဲဒီထဲက ၅ ဦးကတော့ သေဆုံးခဲ့တယ်လို့ အမြန်လမ်းထိန်းသိမ်းပြုပြင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး အပါအဝင် နိုင်ငံတဝှမ်း အမြန်လမ်းတွေမှာ ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများစုက ယာဉ်လိုင်းဖက်က အမှားဖြစ်ကြပေမယ့် လမ်းအရည်အသွေးကြောင့် တိမ်းမှောက်တာလည်း ရှိတယ်လို့ ယာဉ်မောင်းတွေက ပြောဆိုထားပါတယ်။