By – LIN KHA
ထိုင်းနိုင်ငံအခြေစိုက် One championship ပြိုင်ပွဲ ဟာ အာရှ ဈေးကွက်မှာ အင်အားထွားလာသလို အရှေ့တောင်အာရှမှာလည်း နာမည်အကျော်ကြားဆုံး ပရိုမိုးရှင်းတစ်ခုပဲဖြစ်ပါတယ်။
ထိုင်းဘုရင်ကိုယ်တိုင် One ဥက္ကဋ္ဌ ချတ်ထရီကို မွေထိုင်းကို ကမ္ဘာကျော်အောင် ပြုလုပ်ပေးဖို့ ကျောထောက်နောက်ခံ ပြုထားပေးလို့ အပတ်တိုင်း ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မြို့ရဲ့ လုဗ္မနီ အားကစားကွင်းမှာ အပတ်စဉ် သောကြာနေ့တိုင်း One championshipပြိုင်ပွဲကို ကျင်းပနေပါတယ်။
One championshipရဲ့ခေါင်းစဉ်မှာ MMA, Kickboxing,နပမ်းနဲ့ မွေထိုင်းပွဲစဉ်တွေကိုကျင်းပပေမဲ့ မွေထိုင်းပွဲစဉ်ကိုသာအသားပေး ကျင်းပနေပါတယ်။
မြန်မာပြည်ခေတ်ကောင်းတုန်းက အောင်လအန်ဆိုင်း ကို အမှီပြုပြီ One က မြန်မာပြည်မှာဈေးကွက် လာချဲ့ဖူးခဲ့ပေမဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီနောက် Oneရဲ့မြန်မာပြည််််ဈေးကွက်က ရပ်တန့်ခဲ့ရပါတယ်။
မြန်မာပြည်မှာ ဈေးကွက်ကရပ်တန့်ပေမဲ့ ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက မြန်မာကစားသမားပါဝင်တဲ့ပွဲတိုင်းကို တခဲနက် အားပေးလေ့ရှိသလို online platform ပေါ်မှာလည်း မြန်မာကစားသမားတွေ ပါဝင်တဲ့ပွဲတွေက ကြည့်ရှုသူတရှိန်ထိုး များလာတာကြောင့် One championshipက မြန်မာကစားသမားတွေကို အိမ်ဖြည့်အနေနဲ့ ကြိုကျားကြိုကျား နေရာ ပေးခဲ့ပါတယ်။
အမှတ်ပေးစည်းမျဉ်းတွေနဲ့ မကစားတတ်တဲ့မြန်မာကစားသမားတွေက One championshipမှာ အတော်လေးရုန်းကန်ခဲ့ရပြီး အလဲထိုးမှသာ နိုင်ပွဲ ရကြတဲ့အထိ အခြေအနေတွေဆိုးခဲ့ကြပါတယ်။
တသမတ်တည်းမရှိတဲ့ One championshipရဲ့အမှတ်ပေးစည်းမျဉ်းကလည်း ဝေဖန်စရာတစ်ခုအနေနဲ့ ရှိခဲ့ပြီး Thai Championshipလို့တောင် နာနည်ပြောင်အနေနဲ့ ခေါ်ကြတဲ့အထိ ထိုင်းကစားသမားတွေကို အသားပေးလေ့ရှိတဲ့ အမှတ်ပေးမှုကြောင့် နာနည်ဆိုးတွင်နေပါတယ်။
မြန်မာကစားသမားအနေနဲ့ အထင်ရှားဆုံး အမှတ်ပေးလွဲမှားမှုကတော့ ထိုင်းကစားသမားလိပ်နင်ဂျာ နဲ့ မြန်မာကစားသမား ဆွန်ရတ် တို့ပွဲစဉ်ဖြစ်ပြီး အနိုင်အရှုံးကြေညာချိန်မှာ ထိုင်းကစားသမားကိုယ်တိုင် မယုံနိုင်အောင်ဖြစ်ခဲ့ရပြီး ပွဲအပြီးမှာ ဆွန်ရက်ကို ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။
နောက်ပိုင်း မြန်မာကစားသမားနဲ့ထိုင်းကစားသမားတွေ တွေ့ဆုံတဲ့ပွဲတွေမှာလည်း လက်ရည်တူနေရင် ဒါမှ မဟုတ် လက်ရည်အနည်းငယ်သာနေရင်တောင် နိုင်ပွဲအတွက် မျှော်လင့်ခွင့်မရှိတော့ပဲ အလဲထိုးနိုင်မှသာ နိုင်ပွဲရမှာဖြစ်တယ်ဆိုတဲ့ အယူအဆက ပရိတ်သတ်ကြားထဲသာမက ကစားသမားတွေ ကြားထဲမှာပါ ပျံ့နှံ့လာပါတယ်။
ဒီနေ့ ကစားသွားတဲ့ One championship ရဲ့ Inner circle ပွဲစဉ်မှာ စောမင်းမင်းနဲ့ ထိုင်းကစားသမားတို့ဟာ ၃ ချီလုံး လက်ရည် မတိမ်းမယိမ်းရှိတဲ့အပြင်ဒုတိယအချီမှာ ထိုင်းကစားသမားက eye poke လို့ခေါ်တဲ့ မြန်မာကစားသမားမျက်လုံးကို လက်နဲ့နိူက် မိခဲ့တဲ့အပြင် အချိန်ပြည့်လို့ဒိုင်တားနေတဲ့အချိန်မှာတောင် ဥပဒေပအနေနဲ့ ခြေကန်ချက်တစ်ကြိမ်ကျူးလွန်ခဲ့ပါသေးတယ်။
အလဲမထိုးနိုင်ခဲ့လို့ဒိုင်အဆုံးအဖြတ်မှာ split decision ဆိုတဲ့ ၃ ချီမှာ မြန်မာကစားသမား ၁ ချီသာတဲ့ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့တောင်မဟုတ်ပဲ
၃ ချီလုံးကို ရှုံးနိမ့်ခဲ့တယ်ဆိုတဲ့ unanimous decision နဲ့အရှုံးပေးခဲ့ရပါတယ်။
နောက်တစ်ပွဲဖြစ်တဲ့ ကျော်စွာဝင်းနဲ့ ထိုင်းကစားသမားပွဲစဉ်မှာလည်း ၃ ချီလုံးနိုင်လိုစိတ်အပြည့်နဲ့ တိုက်စစ်ဖွင့်ဆော့ခဲ့တဲ့ကျော်စွာဝင်းက split decision နဲ့ရှုံးနိမ့်ခဲ့ပြန်ပါတယ်။
မြန်မာပြည်တွင်းမှာအာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့စစ်ပွဲတွေကြောင့် ကဏ္ဌအစုံံ ဆုတ်ယုတ်လာနေပြီး အားကစားသမားတွေ လည်း ဝမ်းရေးအတွက် အိမ်ဖြည့်မှန်းသိသိနဲ့သွားရောက်ကစားနေကြရပါတယ်။
ONE CHAMPIONSHIP ကလည်း မြန်မာပြည်တွင်းဈေးကွက်မရှိတာ ကြောင့် မြန်မာကစားသမားတွေအပေါ် အလေးပေးမှု မရှိပဲ ပရိုမိုးရှင်းအခြေစိုက်ရာ နိုင်ငံကိုသာ အသားပေးနေပါတယ်။