စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ ဆွဲလွဲအိုကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၁ ရက်၊မနက် ၈ နာရီလောက်မှာ ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်ရောက်နေတဲ့ ဒေသခံတွေကို ကျောင်းထိုင်ဆရာတော်က တရားပြပြီးနောက် အဆိုပါနေရာကနေ ပြန်လည်ထွက်ခွာသွားချိန် တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်တစ်စီး နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တဲ့အပြင် ရော့ကတ်တွေ နဲ့ ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဆွဲလွဲအိုရွာက ဦးမြင်အောင် ၊ ဦးဘုန်း ၊ ဦးငွေသီး ၊ ဦးတင့် ၊ ပေါက်တောအနောက်ရွာက ဦးမြင့်ဖေ ၊ ဦးဖိုးတူးဝမ်း ၊ အညွန့်ရွာက ဦးမြင့်ဆွေ ၊ အုတ်နဲဘုတ်ရွာက ဦးစိန်မြင့် ၊ ဦးအောင်ဝင်းစိန် ၊ ဦးဇေလတ် ၊ မကျီးဘုတ်ရွာက ဦးဝင်းလွင် ၊ ဒေါ်တင်အေး ၊ ဒေါ်ဖြူနု ၊ ဒေါ်တွတ်မတို့ သေဆုံးခဲ့ပြီး ၂၀ ကျော်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
“မြောင်နယ်ဆွဲလွဲအိုရွာ တရားစခန်းပေါ့ဗျာ။တရားစခန်းက မနက် ၈ နာရီကနေ ၉ နာရီအထိကတရားပြတဲ့အချိန်ပေါ့ ၊၁၀ နာရီကနေ ၁၁ နာရီကနေတော့ သီလပေးတရားပေါ့ဗျာ၊ တရားပြတဲ့အချိန်ပြီးသွားတဲ့အချိန်မှာ လာပြီးတော့ ဗုံးကြဲသွားတာ။ ဗုံးကြဲတဲ့အချိန်မှာ အမျိုးသား ယောဂီအဆောင်အပေါ်ကျလို့ အမျိုးသား ၁၁ ဦးသေပြီးတော့ အမျိုးသမီး ၃ ဦးပေါ့ အားလုံးပေါင်း ၁၄ ဦးပေါ့ ၊အခုထိစာရင်း၊ဒါပေမယ့် ဆေးရုံပို့လိုက်တဲ့ဟာတွေထဲမှာ ဒဏ်ရာရတဲ့သူတွေလည်းများတယ် ပြင်းလည်းပြင်းထန်တယ် အဲဒီထဲကနေမှထပ်ပြီး တိုးလာနိုင်မလားဆိုတာတော့မသိသေးဘူး”လို့ မြောင်နယ်ခံတစ်ဦးကပြောပါတယ်။
မြောင်နယ်ထဲမှာ အကြမ်းဖက်စစ်တပ် နဲ့ ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးလည်းမရှိသလို ၊ စစ်ကြောင်းထိုးဝင်ရောက်လာတာမျိုးမရှိပဲနဲ့ ပြည်သူတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် နဲ့ အခုလို ဆွဲလွဲအိုရွာကို လာရောက်တိုက်ခိုက်ခြင်းမျိုးဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းမှာ တရားစခန်းဝင်ရောက်သူ နဲ့ ဝေယျာဝစ္စလုပ်ပေးသူစုစုပေါင်း အယောက် ၁၂၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်တွေ နဲ့ ဘုရားဆင်းတု တော်တစ်ချို့လည်း ထိမှန်ပျက်ဆီးသွားခဲ့ပါတယ်။
“ ဒီနေရာတွေက စစ်ရေးလှူပ်ရှားမှုနေရာမျိုးတွေလည်းမဟုတ်ဘူး ။ပြီးလို့ရှိရင် ပိုဆိုးတာက ဒါကတရားစခန်းကြီးလေ သူတို့ဆီမှာသတင်းပေးရှိခဲ့ရင်ဆိုရင်တောင်မှ ဒီတရားစခန်းကို PDF တွေနေတာတွေ၊ကာကွယ်ရေးအဖွဲ့တွေ နေတာပါတယ်ဆိုပြီးတော့ သတင်းမှားပေးမှာတော့မဟုတ်ဘူးလေ၊ ရွာကိုတော့ သက်သက်လာပြီး ကြဲတယ်လို့တော့ တွေးစရာရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မှားပြီးကျဲတယ်ဆိုရင်တောင် ပထမ တစ်ကြိမ်ကျဲပြီးသွားပြီဆိုရင် မှားကျဲတယ်ဆိုရင် ရပ်သင့်လိုက်ပြီးလေနော် ဒါပေမယ့် ဒုတိယတစ်ကြိမ်ပါ ထပ်ပတ်ပြီးကျဲတယ်ဆိုကတည်းက ဒါဟာ ဒီနေရာကိုပဲ သက် သက်ကြဲ ဖို့လာတယ်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တာပေါ့လေ”လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော့ ဆွဲလွဲအိုကျေးရွာက ပြည်သူတွေများအားလုံးဟာ လေကြောင်းနောက်ထပ်တစ်ဖန်ပြန်လာမှာကို စိုးရိမ်တဲ့အတွက် ကျေးရွာတွေထဲမှာမနေရဲတော့ပဲ အခြားကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။