ထိုင်းနိုင်ငံမှာ မိုးရာသီကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာနေပေမယ့်လည်း ရောဂါပြင်းထန်မှု တိုးလာခြင်းမရှိဘဲ သေဆုံးနှုန်းမှာလည်း အရင်နှစ်တွေထက် လျော့နည်းကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က ပြောကြားပါတယ်။
DDC ရဲ့ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ထိုင်းနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်သူ ၉၉,၆၉၁ ဦး ရှိပြီး သေဆုံးသူ ၁၅ ဦး ရှိခဲ့ပါတယ်။
ပြည်နယ်အလိုက် ကြည့်ပါက ဘန်ကောက်မှာ လူဦးရေ ၁ သိန်းလျှင် ကူးစက်သူ ၆၄၃ ဒသမ ၆၅ ဦးနဲ့ အမြင့်ဆုံး ဖြစ်ပြီး၊ ချွန်ဘူရီမှာ ၅၃၀ ဒသမ ၅၂ ဦး၊ ဖူးခက်မှာ ၅၁၄ ဒသမ ၈၅ ဦး ရှိကြောင်း DDC ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဂျူရိုင် ဝေါင်ဆာဝပ်က ဆိုပါတယ်။
ကူးစက်နှုန်းမြင့်မားတဲ့ အခြားဒေသတွေမှာ လမ်ဖွန်၊ နွန်ထဘူရီ၊ နခွန်ပထုမ်၊ ရယောင်း၊ ဆာရာဘူရီ၊ ချင်းမိုင်နဲ့ အန်ထောင်းတို့ ဖြစ်ပါတယ်။