ကိုးကန့်တပ်မတော် (MNDAA)ရဲ့ ထိန်းချုပ်နယ်မြေတွင်းမှာ ကလေးသူငယ်များ အဆင်ပြေပြေ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ အထူးဒေသ ၁၊ သိန္နီမြို့နယ်တွင်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကုံးမုံ၊ ကွန်ခက်၊ မြို့ဟောင်း၊ ဆွတ်လန်းနဲ့ ပန်ညုဒေသတွေမှာ မူလတန်းကျောင်း ဆက်လက်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
သိန္နီဒေသမှာ ပြီးခဲ့တဲ့နှစ်က စံလောင်း၊ ကုန်းသာနှင့် နမ့်အွန်ဒေသတို့မှာ အလကကျောင်း တစ်ကျောင်းစီသာ ဖွင့်လှစ်နိုင်ခဲ့ရာက ဒီနှစ်ထဲမှာ ဒေသ ၅ ခုအထိ မူလတန်းကျောင်း တိုးချဲ့ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် သီပေါမြို့နယ်မှာလည်း ဆွတ်လန်း၊ မြို့ဟောင်း၊ နမ့်ပျဉ်၊ ကောင်းလန်း၊ နားညု၊ ပန်ညု၊ ဆောင်ကြဲ စတဲ့ ဒေသ ၇ ခုမှာလည်း မူလတန်းကျောင်း ၇ ကျောင်းအထိ ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စာသင်နှစ်တွေက အထက်ပါဒေသတွေမှာ အနည်းဆုံး ၁၀ မိုင်ကျော်ဝေးတဲ့ ကျောင်းတွေအထိ သွားရောက်သင်ကြားခဲ့ရပြီး ဒီနှစ်ထဲမှာတော့ မိမိတို့ ဒေသတွင်းမှာတင် ဖွင့်လှစ်နိုင်ပြီဖြစ်တာကြောင့် MNDAA ရဲ့ စီမံချက်တွေအပေါ် ကျောင်းသားမိဘတွေလည်း ကြိုဆိုထောက်ခံနေကြပါတယ်။
အလားတူ လောက်ကိုင်မြို့မှာလည်း အမှတ် ၁ အလယ်တန်းကျောင်း၊ ကော်တုံကျောင်းနဲ့ မူလတန်းကျောင်းတို့မှာ ဩဂုတ်လ ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးခဲ့ပြီး နောက်ကျတဲ့ ကျောင်းသားတွေကိုလည်း နောက်ထပ် လက်ခံပေးသွားဦးမယ်လို့ သိရပါတယ်။
နောက်ထပ်ဖွင့်လှစ်မယ့် စာသင်ကျောင်းတွေအတွက် ဆရာသစ်ခေါ်ယူမှုတွေလည်း ရှိနေပြီး တရုတ်စကားတတ်သူတွေကို ဦးစားပေးတာမျိုး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်ဒေသမှာ တရုတ်ကျောင်းနဲ့ မြန်မာကျောင်း ၂ မျိုးရှိပြီး အများစုက ကျောင်းအိပ်ကျောင်းစား စနစ်ဖြစ်တာ ကြောင့် ကျောင်းသားတွေ အနေနဲ့ အိပ်ယာခင်းတွေ ယူလာကြဖို့ကိုလည်း MNDAA ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေအမြောက်အမြား ရရှိခဲ့တဲ့ MNDAA ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ လူထုထောက်ခံမှု ကျဆင်းနေပေမယ့် သူတို့ ထိန်းချုပ်နယ်မြေထဲမှာတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဆက်မပြတ် ဖော်ဆောင်နေပြီး ဒေသခံတွေရဲ့ ထောက်ခံမှုအားကောင်းနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုထားပါတယ်။