အုပ်ကြီးဟောင်း တိုင်ကြားမှုကြောင့် အင်းလေး PDF တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရ

By ချယ်ရီနွေဦး

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ဒီနေ့ (ဇွန် ၈) မနက် ၉ နာရီခန့်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) ရဲ့ တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတွင်း နီးစပ်သူတွေက ပြောပါတယ်။

အင်းလေးဒေသ၊ ဟဲယာရွာမမှာ အုပ်ချုပ်ရေးမှူးဟောင်း သားကြီး(ခ) အောင်နိုင်ဦးရဲ့ သတင်းပေးမှုကြောင့် စစ်ကော်မရှင်တပ်နဲ့ သူတို့ လက်အောက်ခံ နန်းပန်မြို့ နယ်မြေရဲစခန်းတပ်ဖွဲ့က အင်းလေး PDF တပ်ဖွဲ့ဝင် ၂ ဦးကို လာရောက် ဖမ်းဆီးသွားတာပါ။

တပ်ရင်းမှူး အင်းသွေးနီက “သတင်းပေးရှိလို့ ဖမ်းခံရတာပါ။ သူတို့ ပြန်တာနဲ့ ပတ်သက်ပြီး ခွင့်တွေလဘာတွေတော့ ပြောလို့မရသေးဘူး။ ညောင်ရွှေကို ခေါ်သွားပြီလို့ သိရပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးဟာ ဟဲယာရွာမနေ ရဲဘော် AD(ခ) ကောင်းစည်သူနဲ့ အငယ်ကောင် (ခ) ကျော်ဖြိုးလင်းတို့ဖြစ်ပြီး ၂ ဦးလုံး အသက် ၂၀ အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်စီတပ်က ဖမ်းဆီးရမိထားတဲ့ ရဲဘော် ၂ ဦးကို စစ်ကြောရေးပို့ဆောင်ပြီး အင်းလေး PDF ကို ကွင်းဆက်လိုက် ဖြိုခွင်းဖို့ ကြံစည်နေပေမယ့် စိုးရိမ်စရာ မရှိဘူးလို့ တပ်ရင်းမှူး အင်းသွေးနီက ဆက်ပြောပါတယ်။

“ရဲဘော်တွေ ဖမ်းခံရတာက အခုမှမဟုတ်ဘူး။ ၂၀၂၃ ကတည်းကပေါ့နော်။ ကျနော်တို့ ဒေသတွင်းက လူတွေက ဒီတော်လှန်ရေးနဲ့ ပတ်သက်ပြီး အားကောင်းခဲ့တဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာကျတော့ သူတို့ အခြေအနေအရကြောင့်မို့လို့ သူတို့အပေါ် နှိပ်စက်ညှင်းပန်းနေတဲ့ ဒီ PNO နဲ့ စစ်ကောင်စီအပေါင်းအပါတွေကို သူတို့က လက်ခံလို့ ပြီးတော့ သူတို့ ကျေနပ်လို့ သူတို့ လိုက်လျောနေတာ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ တော်လှန်ရေးဘက် အပြည့်အဝ ပါဝင်တယ်ဆိုတာ ဒါ ကျွန်တော်တို့ ယုံကြည်ပြီးသား ကိစ္စဖြစ်တယ်ပေါ့နော်”

စစ်ကောင်စီ သတင်းပေး အုပ်ချုပ်ရေးမှူးဟောင်း ကိုသားကြီးဆိုသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွင်းကပဲ ရာထူးတိုးသွားတာကြောင့် ဟဲယာရွာမ အုပ်ချုပ်ရေးမှူးရာထူး လစ်လပ်နေပြီး စစ်ကော်မရှင်ကပဲ ထပ်မံခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ အင်းလေးပျူစောထီးခေါင်းဆောင် ညီညီထွန်း (ခေါ်) ဖိုးသာထူးနဲ့ အုပ်ချုပ်ရေးမှူးဟောင်း ကိုသားကြီး တို့ ၂ ဦးကို စစ်ကော်မရှင်တပ်က လက်နက်ချပွဲ ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် သိန်းတစ်ထောင် ချီးမြင့်မယ်လို့လည်း ကြေညာထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရဲဘော် ၂ ဦးနဲ့ ပတ်သက်ပြီး အဆက်စပ်ရှိသူတွေ အနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံး တိန်းရှောင်ကြဖို့ သတိပေးထားပြီး သပ်လျိုဒလန်တွေရဲ့ လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ IPDF က တုံ့ပြန်ထားပါတယ်။

ဓာတ်ပုံ – အင်းလေး PDF

Leave a Reply

Your email address will not be published. Required fields are marked *