ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အဝင်၊ မန္တလေး – မူဆယ် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်က OHC တိုးဂိတ်မှာ မနေ့ (ဩဂုတ် ၁၁) ညနေ ၅ နာရီခွဲခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
သီပေါမြို့ကနေ ကျောက်မဲမြို့ကို တက်လာတဲ့ ကြက်စာတင်ကား တစ်စီးဟာ လမ်းခရီးတစ်လျှောက် အပူရှိန်လွန်ကဲပြီး တိုးဂိတ်ရောက်တဲ့အချိန်မှာ ဝါယာရှော့ဖြစ်ရာကတဆင့် မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတဦးက “သူက ပိုက်ဆံပေးမလို့ ကားရပ်လိုက်တဲ့အချိန်မှာ စလောင်လာတာ။ လောင်လောင်ချင်း ဝန်ထမ်းတွေ စပြေးတာပဲ။ နောက်တော့ မီးသတ်အချိန်မီ ရောက်လာတယ်” လို့ ပြောပါတယ်။
ကားတစ်စီးလုံး မီးလောင်ကျွမ်းပြီးနောက် တိုးဂိတ်ကို မီးထပ်မံခုန်ကူးကာ ဆက်လက်လောင်ကျွမ်းခဲ့ပြီး အဆောင်အဦး အတွင်းပိုင်းရော အပြင်ပိုင်းရော ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာ ကျောက်မဲခရိုင် မီးသတ်စခန်းက အုပ်ချုပ်ရေး ကားတစ်စီး၊ မီးသတ်ကား ၂ စီး၊ ရေကား ၂ စီးတို့နဲ့ သွားရောက် ငြိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းမှု တစ်နာရီခန့်အကြာ ညနေ ၆ နာရီခွဲခန့်မှာ မီးအားလုံး ငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းသွားတဲ့ ကြက်စာတင်ကားဟာ Canda အမျိုးအစား ဖြစ်တာကြောင့် ကာလပေါက်ဈေးအရ ငွေကျပ်တန်ဖိုး သိန်းထောင်ကျော် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ယာဉ်မောင်းတွေက ခန့်မှန်းပြောဆိုထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ စစ်ကော်မရှင်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့စဉ်တွင်း မီးလောင်သေဆုံးနေတဲ့ အလောင်း ၄ လောင်းကို OHC တိုးဂိတ်မှာ တွေ့ရှိခဲ့ဖူးတယ်လို့ စုံစမ်းသိရပါတယ်။