ဖရူဆိုမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့အတွက် ထပ်တိုးစစ်ရှောင် ၁၀၀၀ ကျော် အကူအညီ လိုအပ်နေ


By – ချယ်ရီနွေဦး
ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် စစ်ဘေးရှောင် တစ်ထောင်ကျော် တိန်းရှောင်နေရတယ်လို့ မြေပြင်ထောက်ပို့ အရင်းအမြစ်တွေက ပြောပါတယ်။
လက်ရှိ အနေအထားအရ ဖရူဆိုမြို့နယ် လမ်းမကြီးဘေးက ကျေးရွာ ၂ ရွာ ပါဝင်ပြီး တခြားမြို့ရွာကို တိမ်းရှောင်ဖို့ ငွေကြေး အခက်အခဲ ရှိတာကြောင့် နီးစပ်ရာ တောတောင်နေရာမှာသာ စခန်းချနေထိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့အစည်းတခု ဖြစ်တဲ KHAI ပရိုဂရမ် မန်နေဂျာ ခူးဒူးရယ်က “ ကျနော်တို့က ၂ ရွာလောက်ပဲ Cover (အထောက်အပံ့) လုပ်ပေးနိုင်တာပေါ့နော်။ ကျန်တဲ့ဟာကတော့ သက်ဆိုင်ရာအဖွဲ့တွေ ထုတ်ပြန်တာက ပိုကောင်းမှာပေါ့နော်။ ဘယ်ကို ရွှေ့ပြောင်းတယ် ဘာညာကတော့ ကျနော်တို့ လုံခြုံရေးအရ ပြောမရဘူးပေါ့နော်။ နီးနီးနားနား ပြေးကြ၊ နည်းနည်းငြိမ်ရင် ပြန်လာကြည့်၊ ထပ်လာရင် ထပ်ပြေး အဲလိုလုပ်နေရတာပေါ့နော်။ စစ်ရှေင်ကာလကြာပြီဆိုတော့ ဝေးဝေးရှောင်ဖို့က ခက်ခဲရှိတာပေါ့နော်” ဟု ပြောပါတယ်။
စစ်ဘေးရှောင် တစ်ထောင်ကျော်ထဲမှာ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နာတာရှည် ရောဂါသည်တွေ ပါဝင်တာကြောင့် ရိက္ခာအပြင် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ဒီနှစ် (၂၀၂၆) အစောပိုင်းအထိ စစ်ဘေးရှောင်ကူညီတဲ့ အဖွဲ့အစည်းတွေ များပေမယ့် စစ်ဘေးရှောင်စခန်းတွေကို သွားရလာရခက်ခဲတာကြောင့် မတ်လနှောင်းပိုင်းကစပြီး အလှူရှင် မရှိသလောက် ဖြစ်နေတယ်လို့ ခူးဒူးရယ်က ဆက်ပြောပါတယ်။
“ဒီမိုးရာသီဆိုတော့ လမ်းပန်းဆက်သွယ်ရေး ခက်တယ်။ ဘယ်သူမှလည်း မရောက်တဲ့အခါကြတော့ စစ်ရှောင်လိုအပ်ချက်က ပိုမိုမြင့်မားလာတယ်ပေါ့။ လိုအပ်ချက်ဆိုတာလည်း တမျိုးတည်း မဟုတ်ဘဲနဲ့ အဖက်ဖက်က လိုအပ်တာတွေ များနေတာပေါ့။ စစ်တပ်ဖက်ကလည်း လုံခြုံရေးအရ နယ်မြေပြန်ယူတော့ ခဏခဏ မီးရှို့တာလည်း ရှိတယ်ပေါ့နော်” ဆိုပါတယ်။
ဖရူဆိုမြို့နယ်တွင်းရှိ ကျေးရွာ ၃ ရွာကို မတ်လ ၂၈၊ မေလ ၆၊ ၇ ရက်တွေမှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးတာ၊ တပ်စွဲတာ၊ မြေမြုပ်မှိုင်းထောင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီနောက်ပိုင်း ဒေသတွင်း စစ်ဘေးရှောင်တွေဟာ လက်ရှိစခန်းမှာ နေထိုင်လို့ မရတော့တာကြောင့် ဘေးလွတ်ရာကို တိန်းရှောင်နေရတာ ဖြစ်ပါတယ်။
ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးကို အမြန်ဆုံး ပြန်ဖွင့်နိုင်ရန်အတွက် စစ်ကော်မရှင်တပ်က ဖရူဆိုမြို့နယ်ရှိ လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မီးရှို့တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ရက်ဆက်လုပ်ဆောင်နေတာကြောင့် ကျန်ရှိနေတဲ့ စစ်ဘေးရှောင်တွေကိုလည်း အမြန်ဆုံး တိမ်းရှောင်ကြဖို့ မြေပြင်အဖွဲ့အစည်း တာဝန်ခံတွေက သတိပေးပြောဆိုထားပါတယ်။

ဓါတ်ပုံ – KHAI

Leave a Reply

Your email address will not be published. Required fields are marked *