ဇွန်လ – ၈ ရက်


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုကျွန်းအနီးတွင် ဇွန် ၈ ရက် နံနက်ပိုင်းက အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ပစိဖိတ်ဒေသနိုင်ငံတွေမှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန်လိုက်ပါတယ်။
ဂျာမနီနိုင်ငံ အခြေစိုက် ဂျီအက်ဖ်ဇက် (GFZ) ဘူမိဗေဒသုတေသနဌာနရဲ့ အဆိုအရ ငလျင်ဟာ မင်ဒါနာအိုဒေသမှာ အနက် ၁၀ ကီလိုမီတာခန့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကနဦးတိုင်းတာချက်များအရ မဂ္ဂနီကျု ၇.၃ အဆင့်လို့ ဖော်ပြခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အင်အား ၇.၈ အဆင့်အထိ ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်စောင့်ကြည့်ရေးဌာန (PHIVOLCS) က အမြင့် ၁ မီတာကျော်ရှိ ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပြီး အင်ဒိုနီးရှားနိုင်ငံမှာလည်း လှိုင်းအနည်းငယ် တိုင်းတာတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ငလျင်ဗဟိုချက်နှင့် နီးစပ်တဲ့ ဂျင်နရယ်ဆန်းတို့စ်မြို့တမှာလည်း နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ပရိဘောဂများ လဲကျခြင်း၊ လျှပ်စစ်ပစ္စည်းများ ပျက်စီးခြင်းနှင့် လူအများ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြကြပါတယ်။
ဆာရန်ဂါနီပြည်နယ်တမှာလည်း လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့ပြီး စာသင်ကျောင်းများကို ယာယီပိတ်ထားကြောင်း ဒေသဆိုင်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲရေး တာဝန်ရှိသူများက ပြောကြားပါတယ်။
နောက်ဆုံးရရှိတဲ့ သတင်းများအရ ဂျင်နရယ်ဆန်းတို့စ်မြို့တွင် သေဆုံးသူ အနည်းဆုံး ၅ ဦးရှိနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အာဏာပိုင်များက အတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ် “မီးကွင်း” (Ring of Fire) ဟုခေါ်တဲ့ ငလျင်နှင့် မီးတောင်လှုပ်ရှားမှုများ မကြာခဏဖြစ်ပွားတဲ့ ဒေသတွင် တည်ရှိနေတာကြောင့် နှစ်စဉ် ငလျင်ရာပေါင်းများစွာ ကြုံတွေ့ရနေတာဖြစ်ပါတယ်။
ဓာတ်ပုံ – Crd