ဇွန်လ – ၂၄ ရက်
ဥရောပနိုင်ငံအများအပြားမှာ အပူလှိုင်းပြင်းထန်စွာ ဖြစ်ပေါ်နေပြီး ပြင်သစ်နိုင်ငံမှာ အပူဒဏ်မှ လွတ်မြောက်ဖို့အတွက် မြစ်၊ ရေကန်နဲ့ ရေမြောင်းတွေအတွင်း ရေကူးခဲ့သူတွေအနက် ဇွန် ၁၈ ရက်မှစပြီး ရေနစ်သေဆုံးသူ ၄၀ ဦးအထိ ရှိလာကြောင်း ပြင်သစ်အစိုးရက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ပါတယ်။
ပြင်သစ်နိုင်ငံဟာ ဇွန် ၁၈ ရက်မှာ သမိုင်းတစ်လျှောက် အပူချိန်အမြင့်ဆုံးနေ့ကို ကြုံတွေ့ခဲ့ပြီး အချို့ဒေသတွေမှာ အပူချိန် ၄၄.၃ ဒီဂရီဆဲလ်စီးယပ်အထိ ရောက်ရှိခဲ့တာပါ။
နိုင်ငံတစ်ဝန်းရှိ ဒေသ ၅၄ ခုမှာ အနီရောင် အပူအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားပြီး အန္တရာယ်ရှိတဲ့ နေရာတွေမှာ ရေကူးတာတွေ မလုပ်ကြဖို့ ပြင်သစ်မိုးလေဝသဌာနက သတိပေးထားပါတယ်။
ပြင်သစ်အပြင် ဗြိတိန်၊ အီတလီ၊ စပိန်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာလည်း အပူချိန်စံချိန်တင် မြင့်တက်နေပြီး ကျောင်းများ ပိတ်ထားရတာ၊ ရထားပြေးဆွဲမှုများ ရုတ်တရက် ရပ်နားရတာ၊ နာမည်ကျော် ခရီးသွားနေရာအချို့ ယာယီပိတ်ထားရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အခုအပူလှိင်းဟာ “Omega Block” လိုခေါ်တဲ့ လေထုဖိအားပုံစံကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုကြောင့် အပူလှိင်းများ ပိုမိုပြင်းထန်ကာ မကြာခဏ ဖြစ်ပွားလာနိုင်ကြောင်း မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
ကိုးကား – Reuters