ထိုင်းမှာ တရားမဝင် နေထိုင်အလုပ်လုပ်သူတွေကို ချက်ချင်းပြည်နှင်ဒဏ်ပေးမယ့် ဥပဒေသစ် ထွက်ပေါ်လာ

ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်သူတွေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ပိုမိုမြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ပြည်နှင်ဒဏ်ပေးနိုင်ဖို့အတွက် ဝန်ကြီးချုပ်ရုံးရဲ့ ဥပဒေသစ်တစ်ခုကို ထိုင်းတော်ဝင်ပြန်တမ်း (Royal Gazette) မှာ ဩဂုတ်လ ၂၇ ရက်နေ့က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
ဒီဥပဒေထုတ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံကို တရားဝင် လာရောက်ပြီး ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နေသူတွေကို ကြိုဆိုပေမဲ့၊ အချို့သော နိုင်ငံခြားသားတွေဟာ ဥပဒေချိုးဖောက်တာ၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတာတွေ ရှိနေတာကြောင့် လို့ဆိုပါတယ်။
ဒါကြောင့် အဲဒီလို မလိုလားအပ်တဲ့ နိုင်ငံခြားသားတွေကို အမြန်ဆုံး ပြည်နှင်ဒဏ်ပေးပြီး တိုင်းပြည်လုံခြုံရေး၊ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့လို့ အဓိက ဖော်ပြထားပါတယ်။
ဒီဥပဒေအရ အောက်ပါ ပြစ်မှုကျူးလွန်ထားသူတွေကို ချက်ချင်း ပြည်နှင်ဒဏ်ပေးနိုင်ဖို့ ပြဋ္ဌာန်းထားပါတယ်
. နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ခွင့်ပြုချက်မရှိဘဲ နေထိုင်သူတွေ။
. နိုင်ငံခြားသား အလုပ်သမားဥပဒေကို ချိုးဖောက်ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေ။
. တရားမဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ။
. တရားဝင် အစိုးရစာရွက်စာတမ်းတွေကို အတုအပလုပ်သူတွေ သို့မဟုတ် အတုတွေကို အသုံးပြုသူတွေ။
. ထောင်ဒဏ် ၅ နှစ်နဲ့အထက် ကျခံရနိုင်တဲ့ ပြစ်မှုကျူးလွန်သူတွေ။
. ဒီအချက်တွေကို ကျူးလွန်ဖို့ အားပေးကူညီသူတွေ၊ နောက်ကွယ်က ကြိုးကိုင်သူတွေ။
. ငြိမ်းချမ်းရေးနဲ့ ပြည်သူ့နီတိကို ဆန့်ကျင်တဲ့ အပြုအမူ လုပ်ဆောင်သူတွေ။
အရေးကြီးတဲ့ အချက်တစ်ခုကတော့ ဒီလိုပြစ်မှုတွေကြောင့် ထောင်ကျနေသူတွေ ထောင်ကလွတ်မယ့်အချိန်မှာ အကျဉ်းဦးစီးဌာနကနေ ပြည်ထဲရေးဝန်ကြီးဌာန (အတွင်းဝန်) ဆီကို လွတ်ရက်မတိုင်ခင် အနည်းဆုံး ၁၅ ရက် ကြိုတင်ပြီး အကြောင်းကြားရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ပြည်ထဲရေးဝန်ကြီးကနေတစ်ဆင့် ပြည်နှင်ဒဏ်ပေးမယ့် အမိန့်ကို ကြန့်ကြာမှုမရှိဘဲ ချက်ချင်းထုတ်ပြန်ပြီး နိုင်ငံကနေ နှင်ထုတ်သွားမှာပါ။ ပြည်နှင်ဒဏ်ပေးတဲ့အခါမှာ သက်ဆိုင်ရာ မိခင်နိုင်ငံ (သို့မဟုတ်) မိမိနိုင်ငံမရှိပါက ထိုင်းကို မဝင်ခင် နောက်ဆုံးနေထိုင်ခဲ့တဲ့ နိုင်ငံဆီကို ပြန်ပို့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီဥပဒေမှာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ခြွင်းချက်တစ်ခုလည်း ပါဝင်ပါတယ်။
ပြည်နှင်ဒဏ်ပေးခံရသူဟာ မိခင်နိုင်ငံကို ပြန်ပို့ခံရရင် နှိပ်စက်ညှဉ်းပန်းခံရတာ၊ ရိုင်းစိုင်းစွာ ဆက်ဆံခံရတာ၊ အသက်အန္တရာယ်ရှိတာ ဒါမှမဟုတ် ဖမ်းဆီးပျောက်ဆုံးသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်ဆိုရင် တတိယနိုင်ငံ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုက သူ့ကိုလက်ခံဖို့ တောင်းဆိုနိုင်ပါတယ်။ အဲဒီလို တောင်းဆိုရာမှာ ကုန်ကျစရိတ်အားလုံးကို အဆိုပါ တောင်းဆိုတဲ့ အဖွဲ့အစည်းက ကျခံရမှာဖြစ်ပြီး၊ ကာယကံရှင်ကိုယ်တိုင်က သဘောတူစာချုပ် လက်မှတ်ရေးထိုးမှသာ တခြားနိုင်ငံကို ပို့ဆောင်ပေးသွားမှာပါ။
ဒီဥပဒေသစ်ကို ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ် (Anutin Charnvirakul) က ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး၊ ပြန်တမ်းမှာ ကြေညာတဲ့ နောက်တစ်နေ့ကစပြီး ချက်ချင်း အာဏာတည်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အထူးသတိပြုဆင်ခြင်ရမယ့် တင်းကျပ်တဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
Photo-Tak Immagration

Leave a Reply

Your email address will not be published. Required fields are marked *