ကမ္ဘောဒီးယားမှာ အွန်လိုင်းလိမ်လည်မှုစခန်းများ အားလုံးဖျက်သိမ်းနိုင်ပြီးလို့ အစိုးရပြော

ကမ္ဘောဒီးယားမှာ အွန်လိုင်းလိမ်လည်မှုစခန်းများ အားလုံးဖျက်သိမ်းနိုင်ပြီးလို့ အစိုးရပြော
ဩဂုတ်လ – ၂၉ ရက်
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် ကျော်ကြားခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုစခန်းများအားလုံးကို ဖျက်သိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ပြောကြားလိုက်ပါတယ်။
အစိုးရရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အထူးကော်မရှင် (CCOS) က သြဂုတ် ၂၈ ရက်မှာ နိုင်ငံခြားသံရုံးတွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောဆိုခဲ့တာပါ။
၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် သြဂုတ်လအထိ သံသယဖြစ်ဖွယ်နေရာပေါင်း ၇၉၃ ခု ကို စုံစမ်းစစ်ဆေးခဲ့ပြီး ၆၂၄ နေရာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ကော်မရှင်အကြီးအကဲ ဝါရင့်ဝန်ကြီး ချေး စီနာရစ်က ပြောပါတယ်။
စီးနင်းမှုအတွင်း နိုင်ငံပေါင်း ၃၉ နိုင်ငံမှ သံသယရှိသူ ၃၀,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားသား ၅၈,၀၀၀ ကျော်ကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားအစိုးရက ဆိုပါတယ်။
ကမ္ဘောဒီးယားရှိ အွန်လိုင်းလိမ်လည်မှုစခန်းများ လုံးဝပျောက်ကွယ်သွားပြီဆိုတဲ့ အစိုးရရဲ့ ပြောဆိုချက်အပေါ် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ကျွမ်းကျင်သူအချို့က သံသယရှိနေကြဆဲဖြစ်ပါတယ်။
ကိုးကား – The Associated Press (AP)
ဓါတ်ပုံ – AP⁩

Leave a Reply

Your email address will not be published. Required fields are marked *