အားကစားနည်းပြတစ်ဦးရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ ပွဲရလဒ်ကို ပြောင်းလဲပစ်နိုင်သလို အသင်းတစ်သင်းရဲ့ အနာဂတ်ကိုပါ ဆုံးဖြတ်နိုင်ပါတယ်။ ကစားသမားတွေ ဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ၊ နည်းပြရဲ့ မဟာဗျူဟာနဲ့ နည်းဗျူဟာ မှားယွင်းသွားရင် အောင်မြင်မှုဟာ အလှမ်းဝေးသွားတတ်ပါတယ်။
မကြာသေးခင်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းဟာ တောင်အာဖရိကကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ အဲဒီအရှုံးရလဒ်ဟာ နည်းပြအဖွဲ့ရဲ့ မဟာအမှားကြောင့်သာဖြစ်ပြီး ပြိုင်ဘက်ကို အထင်သေးမှု၊ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို မြင်နိုင်စွမ်း အားနည်းမှု၊ ပွဲထွက်လူစာရင်းရွေးချယ်မှုအမှား၊ နည်းဗျူဟာပြောင်းလဲအသုံးပြုမှု အမှားယွင်းတွေကြောင့် နောက်ဆုံးပေးဆပ်လိုက်ရတဲ့ တန်ဖိုးဟာ တောင်ကိုရီးယားဟာ ပြိုင်ပွဲကနေ အစောကြီး ထွက်ခွာရတဲ့အထိ ကြီးမားခဲ့ပါတယ်။
ဒီသင်ခန်းစာဟာ အားကစားနယ်ပယ်တစ်ခုတည်းအတွက် မဟုတ်ပဲ ယနေ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းတိုင်း၊ တော်လှန်ရေးလှုပ်ရှားမှုတိုင်း၊ နိုင်ငံရေးဖြစ်စဉ်တိုင်းမှာ ပါဝင် ပါဝင်ပတ်သတ်သူတွေအနေနဲ့ သင်ခန်းစာယူရင် အများကြီးရနိုင်သလို ကြည့်တတ်ရင် မြင်နိုင်ပါတယ်။
“တွက်ကိန်း” ဆိုတာ ရှေ့ဆက်လုပ်မယ့် လမ်းကြောင်းကို သေချာစဉ်းစားထားတဲ့ မဟာဗျူဟာနဲ့ နည်းဗျူဟာပဲ ဖြစ်ပါတယ်။ ရန်သူရဲ့ အားသာချက်၊ ကိုယ့်ရဲ့ အားနည်းချက်၊ အချိန်အခါအလိုက် ပြည်သူ့ထောက်ခံမှု၊ အဖွဲ့အချင်းချင်း မိတ်ဖက်ဆက်ဆံရေး၊ ရေရှည်ရလဒ်တွေကို တွက်ချက်ပြီးမှ ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးလို ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာတော့ ဒီတွက်ကိန်းက ပိုပြီး အရေးကြီးပါတယ်။ မဟာဗျူဟာမှားယွင်းရင် အင်အားဆုံးရှုံးနိုင်သလို၊ မိတ်ဖက်ယုံကြည်မှု ထိခိုက်နိုင်ပြီး ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
သမိုင်းကို ပြန်ကြည့်ရင် အောင်မြင်တဲ့ တော်လှန်ရေးအများစုဟာ အင်အားတစ်ခုတည်းကြောင့် မဟုတ်ဘဲ မဟာဗျူဟာကျကျ မိတ်ဖက်တည်ဆောက်နိုင်ခြင်း၊ အတွင်းစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ခြင်း၊ ရေရှည်ရည်မှန်းချက်ကို မပျောက်ပျက်တာတွေကြောင့် အောင်မြင်ခဲ့ကြတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း အတွင်းပဋိပက္ခ၊ ယုံကြည်မှုပျက်စီးမှု၊ ဦးစားပေးအစီအစဉ် လွဲမှားမှုတွေကြောင့် အားနည်းသွားခဲ့တဲ့ လှုပ်ရှားမှုတွေလည်း များစွာရှိခဲ့ပါတယ်။
ဒါကြောင့် မည်သည့် ခေါင်းဆောင်အဖွဲ့အစည်းမဆို ဆုံးဖြတ်ချက်တိုင်းကို ချမှတ်ရာမှာ ချက်ချင်းရမယ့် အကျိုးအမြတ်ထက် ရေရှည်အကျိုးဆက်ကို ပိုပြီး ချိန်ဆသင့်ပါတယ်။ အချင်းချင်း ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ ဘုံရည်မှန်းချက်ကို ထိန်းသိမ်းထားနိုင်ခြင်းဟာ ရေရှည်အောင်မြင်မှုအတွက် အခြေခံကျတဲ့ အချက်တွေ ဖြစ်ပါတယ်။
တောင်ကိုရီးယားအသင်းရဲ့ အရှုံးက ဘောလုံးပွဲတစ်ပွဲရဲ့ ရလဒ်သာ ဖြစ်ပေမယ့် ပေးလိုက်တဲ့ သင်ခန်းစာကတော့ ပိုပြီးကျယ်ပြန့်ပါတယ်။ အခုနောက်ဆုံးသတင်းတွေအရဆို ပြည်သူတွေရဲ့ ဒေါသကြောင့် နည်းပြရဲ့အသက်အန္တရာယ် ခြိမ်းခြောက်ခံရအထိ ရှိလာသလို နည်းပြအဖွဲ့ကို ပြည်သူလှောင်ပြောင်သံကလည်း ပိုပိုကျယ်လောင်လာပါတယ်။
နေရာတိုင်းမှာ တွက်ကိန်းမှန်ဖို့ လိုအပ်ပါတယ်။ မဟာဗျူဟာမှန်ရင် အခက်အခဲကြားကတောင် အောင်မြင်နိုင်ပေမယ့် တွက်ကိန်းမှားသွားရင် အားကစားမှာလိုပဲ နိုင်ငံရေးနယ်ပယ်မှာလည်း အရှုံးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ခေါင်းဆောင်မှုရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးတာဟာ အင်အားဘယ်လောက်ရှိတယ်ဆိုတာထက် မှန်ကန်တဲ့ တွက်ချက်မှု၊ ရေရှည်မျှော်မှန်းချက်နဲ့ အချိန်မှန်ဆုံးဖြတ်နိုင်စွမ်းပဲ ဖြစ်ပါတယ်။