ရွှေအိုးရှိမှ ပညာရမည့်စာသင်ခန်းနှင့် မျက်ရည်စိုရသည့် ဘဝတက္ကသိုလ်
===============
မွေးရပ်မြေမှာ သေနတ်သံတွေ စဲမသွားဘဲ စစ်မီးတွေ တောက်လောင်လာတဲ့အခါ ကိုအောင်ကြီးတို့ သားအမိ သားအဖ ငါးယောက်လည်း အိုးအိမ်ပစ္စည်းတွေကို စွန့်ခွာပြီး စစ်ရှောင်ဘဝနဲ့ ရွာလေးတစ်ရွာကို ပြောင်းရွှေ့အခြေချခဲ့ရပါတယ်။
ရှိသမျှ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ စုဘူးလေးတွေကို အကုန်ထုတ်ရောင်း အရင်းအနှီးရှာပြီး ဝယ်ထားရတဲ့ သုံးဘီးဆိုင်ကယ်လေးကပဲ သမီးသုံးယောက်ဖခင် ကိုအောင်ကြီးရဲ့ တစ်ခုတည်းသော အသက်မွေးဝမ်းကျောင်း လက်နက်ဖြစ်လာခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း တဖက် တလမ်းကနေ အိမ်အသုပ်ဆိုင်လေးဖွင့်ပြီး ကူညီပေးနေပေမဲ့ ခေတ်ဆိုးစနစ်ဆိုးရဲ့ ကုန်စျေးနှုန်းဒဏ်က သူတို့မိသားစုအပေါ် အဆမတန် ဖိစီးနှိပ်စက်နေပါတယ်။
တစ်လကို အိမ်သုံးစရိတ်တင် ၈ သိန်းနီးပါးအထိ မြင့်တက်နေတဲ့အပြင်၊ တစ်နေ့သုံးဘီးဆွဲလို့ရတဲ့ငွေကြေး ခုနှစ်သောင်းဝန်းကျင်ကလည်း ဆီဖိုးဖယ်လိုက်ရင် ဘာမှမကျန်၊ အသုပ်ဆိုင်ကရတဲ့ အမြတ်ကလည်း တစ်ခါတလေ နေ့စဉ်စားစရိတ်တောင် မကာမိပါဘူး။
ဒီလိုကျပ်တည်းမှုတွေကြားထဲကမှ ရှစ်တန်းကျောင်းသူ အကြီးမလေးနဲ့ ငါးတန်းကျောင်းသူ အလတ်မလေးတို့ရဲ့ တစ်လကျူရှင်ခကတင် တသိန်းငါးသောင်းကျပ် ပေးနေရပြီး နေ့စဉ်မုန့်ဖိုးနဲ့ ကျောင်းစရိတ်တွေကလည်း တရိပ်ရိပ် တက်နေတာပါ။
“တစ်ခါတလေ သုံးဘီးမောင်းရင်း လမ်းမှာတင် မျက်ရည်ကျမိတယ်။ သမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လို့သာ မနားတမ်းရုန်းနေရတာ၊ ကလေးတွေရဲ့ ကျောင်းစရိတ်၊ ကျူရှင်ခတွေ ပေးရမယ့်ရက် နီးလာရင် ရင်ထဲမှာ တုန်နေတာပဲ။ ဆီဖိုးကလည်းတက်၊ ကုန်စျေးနှုန်းကလည်းတက်နဲ့ တစ်နေ့ရှာလို့ရတဲ့ ပိုက်ဆံက ကျောင်းစရိတ်ပေးဖို့နေနေသာသာ တစ်ရက်စာ စားဖို့တောင် မနည်းအနိုင်အနင်း လှည့်ပတ်နေရတာဗျာ”လို့ ကျောင်းစရိတ်တွေ အဆမတန် ကြီးမားလာတာနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ကိုအောင်ကြီးက သူ့ရဲ့ရင်ထဲက ခံစားချက်ကို အခုလိုပဲ စိတ်ပျက်လက်ပျက် ရင်ဖွင့်ရှာပါတယ်။
ကလေးတွေရဲ့ ပညာရေး ဆုံးခန်းတိုင်ဖို့ နေ့မနားညမအား ရုန်းကန်နေရတဲ့အပြင် သုံးနှစ်သမီးလေးအပါအဝင် ကလေးတွေသာ တစ်ချက်ဖျားနာလာပါက ကျန်းမာရေးစားရိတ်အတွက် စဉ်းစားရုံနဲ့တင် ရင်လေးစရာ အတိဖြစ်နေရပါတယ်။
“သမီးတွေ ပညာမတတ်ရင် ကျွန်တော်တို့လိုပဲ ဒုက္ခတွင်းထဲက ရုန်းထွက်နိုင်မှာ မဟုတ်ဘူးလေ။ သူတို့ဖျားနာလို့ ဆေးဖိုးဝါးခ ပိုကုန်တဲ့ရက်တွေဆိုရင်တော့ တစ်ခါတလေ အကြွေးတွေပါ ပတ်ချာလည် နေရော။ တကယ်တော့ ဒီဘက်ခေတ်မှာ ကလေးတွေကို ကျောင်းထားပေး နိုင်ဖို့ဆိုတာ မိဘတွေမှာ ငွေနဲ့အသက်ကို လဲပြီး ဆက်နေရသလိုပါပဲ” လို့ ကိုအောင်ကြီးက ညည်းတွားရင်း ဆိုပါတယ်။
စစ်ဘေးဒဏ်ကြောင့် ဘဝပျက်ခဲ့ရရုံတင်မကဘဲ၊ ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက်ပါ နေ့စဉ်နဲ့အမျှ ငွေကြေးတွေအများကြီး စိုက်ထုတ်ပြီး “ငွေနဲ့အသက်ဆက်” ကာ ရုန်းကန်နေရတဲ့ ကိုအောင်ကြီးတို့ မိသားစုရဲ့ ဘဝဟာ လက်ရှိမြန်မာ့ပညာရေးလောကထဲက အခြေခံလူတန်းစားတွေရဲ့ ပကတိအရှိတရားကို ထင်ဟပ်ပြသ နေတဲ့ ပြယုဂ်တစ်ခုပင် ဖြစ်ပါတော့တယ်။
တကယ်တမ်းတော့ ပညာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြောနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ဦးနှောက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် မြန်မာနိုင်ငံမှာတော့ ဒီအဆိုဟာ တောက်ပြောင်တဲ့ စာအုပ်စာတမ်းတွေ ထဲမှာသာ ကျန်ရစ်ခဲ့ပြီး၊ လက်တွေ့မှာတော့ ပညာရေးဟာ ငွေကြေးရှိမှ အသက်ဆက်နိုင်တဲ့ အရာဖြစ်တယ် ဆိုတာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပါပြီ။
“ပညာရွှေအိုး လူမခိုး” ကနေ “ရွှေအိုးရှိမှ ပညာရ” အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့ နှစ်မှစကာ မြန်မာ့ပညာရေးစနစ်ဟာ ကြီးမားတဲ့ အလှည့်အပြောင်းတွေနဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးပျက်ကပ်နဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေရဲ့ နောက်ဆက်တွဲဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတာကတော့ မိဘပြည်သူတွေပဲ ဖြစ်ပါတယ်။
အရင်ကတော့ အခြေခံပညာရေးကို “အခမဲ့” လို့ ကြွေးကြော်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံ၊ ကျောင်းလခနဲ့ ကျောင်းသုံးစရိတ်တွေဟာ လွန်ခဲ့တဲ့ငါးနှစ်နဲ့ နှိုင်းယှဉ်ပါက အနည်းဆုံး ၃ ဆမှ ၄ ဆလောက် မြင့်တက်သွားခဲ့ပါတယ်။ အခြေခံလက်လုပ်လက်စား မိသားစုတစ်စုမှာ ကျောင်းနေအရွယ်ကလေးနှစ်ဦးရှိတယ်ဆိုပါစို့ ဒီကလေးနှစ်ဦးရဲ့ မိဘတွေဟာ ပညာသင်စရိတ်အတွက် နှစ်ဖူးကချွေးခြေမကျအောင် ရုန်းကန်နေကြရတာပါ။
အစိုးရကျောင်းတွေရဲ့ အရည်အသွေးပိုင်းကျဆင်းလာတာကြောင့် ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေဟာ သူတို့ရဲ့သားသမီးတွေကို ကိုယ်ပိုင်ကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေနဲ့ IELTS, GED, Cambridge, IGCSE တို့လို ပြင်ပစာမေးပွဲတွေကို တက်ရောက်စေခဲ့ပါတယ်။ Private School ရဲ့ ကျောင်းစရိတ်ဟာ ၁ နှစ်ကို သိန်း ၄၀ နဲ့ ၅၀ ကြား ရှိပါတယ်။ ဒါ့အတူ နိုင်ငံတကာကျောင်းတွေမှာလည်း သိန်း ၁၀၀ မှ ကောင်းသလို သိန်းရာနဲ့ချီ ကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းတွေရဲ့ ကျောင်းစရိတ်ဟာ အခြေခံမိသားစုဝင်တွေ အဖို့တော့ အိပ်မက်သာသာ ဖြစ်နေရပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
ငွေမတတ်နိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ အနာဂတ်က ဘာလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဓနရှင်တွေရဲ့ ကလေးတွေကတော့ ပိုမိုကောင်းမွန်တဲ့ ပညာ၊ အဆင့်မြင့်စာသင်ခန်းတွေနဲ့ နိုင်ငံတကာအသိ အမှတ်ပြု လက်မှတ်တွေကို ငွေကြေးနဲ့ ဝယ်ယူပြီး အသက်ဆက်နိုင်နေသလို ကျောမွဲတွေရဲ့ ကလေးတွေ အဖို့တော့ ပညာရေးကို လမ်းခုလတ်မှာပဲ စွန့်လွှတ်ပြီး ဝမ်းရေးအတွက် ကလေးလုပ်သားအဖြစ် ပြောင်းလဲဝင်ရောက်နေကြရပါတယ်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်တွေမှာ မြန်မာနိုင်ငံတွင်းရှိ ပဋိပက္ခတွေနဲ့ စီးပွားရေးအကျပ် အတည်းတွေကြောင့် ကျောင်းမနေနိုင်တော့ဘဲ ပညာရေးစနစ်ပြင်ပကို ရောက်ရှိသွားရတဲ့ ကလေးငယ် ဦးရေဟာ သန်းနဲ့ချီ ရှိနေပါတယ်။ ဒီအခြေအနေဟာ မြန်မာ့လူအဖွဲ့အစည်းမှာ ဆင်းရဲချမ်းသာ လူတန်းစား ကွာဟမှုကို ပိုမိုနက်ရှိုင်းစေပြီး၊ “ပညာတတ်မှဘဝမြင့်မားမည်” ဆိုတဲ့ စကားထက် “ဘဝမြင့်မားမှ ပညာတတ်ခွင့်ရမည်” ဆိုတဲ့ ဓနရှင်ဝါဒီပညာရေးစနစ်ဆီကို ဦးတည်သွားနေသလို ရှိနေပါတယ်။
စစ်ဘေးဒဏ်ခံနေရတဲ့ ဝေးလံခေါင်ဖျားဒေသတွေနဲ့ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ အခြေအနေမှာ ပိုမိုဆိုးရွားလှပါတယ်။ ဒီဒေသတွေမှာရှိတဲ့ ကလေးငယ်တွေဟာ စစာသင်ခန်းထဲမှာ စာသင်ရမယ့်အစား စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရသလို စစ်တပ်ရဲ့ စာသင်ကျောင်းတွေ ဗုံးကြဲတဲ့ ပေါ်လစီကို ကလေးငယ်တွေမှာ အရွယ်နဲ့မလိုက်အောင် ခါးစည်းခံနေရတာပါ။ ဒါ့အပြင် အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားရန် ကြိုးစားပြန်တော့ လျှပ်စစ်မီးကမမှန်၊ အင်တာနက်လိုင်း တွေက ဖြတ်တောက်ခံရနဲ့ ဖုန်းဘေလ်/အင်တာနက်ဘေလ် စရိတ်ကြီးမြင့်တာတွေကြောင့် “ငွေကြေး” မရှိလျှင် အွန်လိုင်းပညာရေးဟာလည်း အလှမ်းဝေးနေမှာပဲ ဖြစ်ပါတယ်။
အခြေခံပညာရေးတင်မကပါဘူး နိုင်ငံတစ်ခုရဲ့ အနာဂတ်ဦးနှောက်တွေကို မွေးထုတ်ပေးရမယ့် “အဆင့်မြင့်ပညာရေး” (University Education) ကဏ္ဍမှာလည်း ငွေကြေးဟာ အဓိကမောင်းနှင်အား ဖြစ်လာခဲ့ပါတယ်။ အရင်က အစိုးရတက္ကသိုလ်အသီးသီးမှာ သက်သာတဲ့လခ၊ ဘော်ဒါဆောင်စရိတ်တွေနဲ့ ပညာရှာနိုင်ခဲ့ကြပေမယ့် ဒီနေ့ခေတ်မှာတော့ အစိုးရတက္ကသိုလ်တွေရဲ့ အရည်အသွေးပိုင်း မရေရာမှုနဲ့ စနစ်ပြောင်းလဲမှုတွေကြောင့် ကျောင်းသားအများစုဟာ လမ်းပျောက်နေကြရပါတယ်။
ဒါကြောင့် ကျောင်းသားတွေဟာ အစိုးရတက္ကသိုလ်တွေကို ကျောခိုင်းပြီး နိုင်ငံတကာအသိအမှတ်ပြု ဘွဲ့ဒီပလိုမာတွေ၊ UK/Australia ဘွဲ့လွန်တွေနဲ့ ကွန်ပျူတာ/အိုင်တီ သင်တန်းတွေကို တက်ရောက်ရာမှာလည်း သင်တန်းကြေးတွေဟာ အနည်းဆုံး သိန်းဆယ်ဂဏန်းမှ သိန်းရာဂဏန်းအထိ ကျခံနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ပြည်တွင်းပညာရေးစနစ်ကို ယုံကြည်မှုအားနည်းလာတာတွေကြောင့် ပြည်ပထွက်ခွာမယ့် ကျောင်းသား ဦးရေဟာ စံချိန်တင် မြင့်တက်ခဲ့ပြီး၊ လက်ရှိအချိန်တွမှာ ဒေါ်လာဈေးတွေ အဆမတန် မြင့်တက်လာတာ တွေကြောင့် ငွေကြေးအလွန်အမင်း တတ်နိုင်တဲ့ မိသားစုတွေသာ နိုင်ငံရပ်ခြားကို သွားရောက်နိုင်တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ လက်ရှိအဆင့်မြင့်ပညာရေးလောကရဲ့ အဓိကစိန်ခေါ်မှုတွေကတော့ မိဘတွေက ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံပြီး အွန်လိုင်း၊ ပုဂ္ဂလိကကောလိပ်တွေမှ ဘွဲ့ဒီပလိုမာတွေ ရယူပေးထားပေမယ့် စီးပွားရေးကျဆင်းဒဏ်တွေကြောင့် ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေရပါတယ်။
ရလဒ်အနေနဲ့ကတော့ ငွေကြေးစိုက်ထုတ်နိုင်တဲ့ မိသားစုရဲ့ လူငယ်တွေဟာ အဆင့်မြင့်ပညာရပ်တွေကို ဆက်လက်ဆည်းပူးနိုင်ပြီး ပြည်ပကို ထွက်ခွာခွင့် ဒါမှမဟုတ် လုပ်ငန်းခွင်ကောင်းတွေ ရရှိနိုင်ကြပြီး၊ အခြေခံလူတန်းစားလူငယ်တွေကတော့ တက္ကသိုလ်ပညာရေးကို စွန့်လွှတ်ကာ စက်ရုံအလုပ်သမား၊ Delivery သမား ဒါမှမဟုတ် ပြည်ပကို သာမန်အလုပ်သမားအဖြစ် ထွက်ခွာရန်သာ ရွေးချယ်စရာ ရှိပါတော့တယ်။
ပညာရေးကို ငွေကြေးနဲ့သာ တန်ဖိုးဖြတ်ပြီး အသက်ဆက်နေရတဲ့ စနစ်တစ်ခုအဖြစ် ရေရှည်မှာ နိုင်ငံအပေါ် အလွန်ကြီးမားတဲ့ အန္တရာယ် ကျရောက်နိုင်ပါတယ်။ ပညာမတတ် အတတ်ပညာမရှိတဲ့ မျိုးဆက်သစ် လူငယ်တွေပြားလာတာဟာ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ် (Human Resources) ကို ပျက်စီးစေပြီး၊ ဆင်းရဲမွဲတေမှုသံသရာ (Cycle of Poverty) ထဲက ရုန်းမထွက်နိုင်အောင် ဖြစ်စေပါတယ်။ မြန်မာ့ပညာရေး အသက်ဆက်နိုင်ဖို့ဆိုတာဟာ မိဘတွေရဲ့ အိတ်ကပ်ထဲက ငွေကြေးတစ်ခုတည်းအပေါ်မှာပဲ မူတည်နေပါ တယ်။
ဘေးကင်းလုံခြုံပြီး လူတန်းစားမရွေး တန်းတူညီမျှ သင်ကြားခွင့်ရှိတဲ့ ပညာရေးဝန်းကျင်တစ်ခု အမြန်ဆုံး ပြန်လည်ပေါ်ပေါက်လာဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ကျောင်းမတတ်နိုင်တဲ့ လူငယ်တွေအနေနဲ့ စိတ်ဓာတ်ကျစရာမလိုဘဲ ဆရာဇော်ဂျီရဲ့ “တကယ့်တက္ကသိုလ်ဟာ ဆိုင်းဘုတ်ထောင်ထားခြင်းမဟုတ်၊ တက္ကသိုလ်ရဲ့ အဓိပ္ပာယ်မှာ “တက္က” ကြံစည်ခြင်းနဲ့ “သီလ” အလေ့အကျင့်ကို ပေါင်းစပ်ထားခြင်းဖြစ်တယ်၊ ဆိုင်းဘုတ်မထောင်ထားပေမယ့် စဉ်းစားကြံစည်ခြင်း အလေ့အကျင့်ရှိတဲ့အရပ်ဟာ တက္ကသိုလ်ဖြစ်ပါတယ်” ဆိုတဲ့ အဆိုကို စံနမူနာကောင်းယူကာ ဒီနေ့ခေတ်လူငယ်တွေဟာ ဘဝတက္ကသိုလ်ကြီးမှာ ဆက်လက်ပြီး သင်ယူနေကြရမှာပဲ ဖြစ်ပါတယ်။
ဆောင်းပါး – ကျော်ခေါင်
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ
ရွှေအိုးရှိမှ ပညာရမည့်စာသင်ခန်းနှင့် မျက်ရည်စိုရသည့် ဘဝတက္ကသိုလ်