၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားမှာ စစ်တပိုင်းဒီမိုကရေစီအာဏာရှင်အစိုးရ ကိုယ်တိုင်ခန့်သမ္မတက လူငယ်တွေဟာ အသိပညာ၊ အတတ်ပညာနဲ့ ခေတ်မီနည်းပညာတွေ တတ်ကျွမ်းအောင် ကြိုးစားကြဖို့၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ကြဖို့နဲ့ အနာဂတ်မှာ နိုင်ငံ့တာဝန်တွေကို လက်ဆင့်ကမ်းထမ်းဆောင်နိုင်တဲ့ လူငယ်ကောင်းတွေ ဖြစ်လာအောင် လေ့ကျင့်ပျိုးထောင်ကြဖို့ တိုက်တွန်းပြောကြားခဲ့တာ နားထောင်လိုက်ရတယ်။
လူငယ်တွေကို နိုင်ငံရဲ့အနာဂတ်လို့ ပြောဆိုရုံနဲ့ လူငယ်တွေကို တန်ဖိုးထားရာ မရောက်ပါဘူး။ လူငယ်တွေရဲ့ အမြင်တွေကို နားထောင်ပေးခြင်း၊ သူတို့ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လေးစားခြင်း၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးခြင်း၊ လူငယ်တွေကို နိုင်ငံရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့်ပေးခြင်းကသာ လူငယ်တွေကို တကယ်တန်ဖိုးထားကြောင်း ပြသနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုယ်တိုင်ခန့်သမ္မတကတော့ သူအာဏာတည်မြဲရေးအတွက် လူငယ်တွေရဲ့ အင်အားနဲ့ စွမ်းရည်ကို အတင်းအဓမ္မစစ်မှုထမ်းခိုင်နေသလို လူငယ်တွေရဲ့ လွတ်လပ်တဲ့အမြင်၊ ဝေဖန်ခွင့်နဲ့ ရွေးချယ်ခွင့်တွေကိုတော့ ကန့်သတ်ထားဆဲပါ။ ဒီလိုအခြေအနေမျိုးမှာ “လူငယ်တွေဟာ နိုင်ငံ့ရတနာ” ဆိုတဲ့ ကိုယ်တိုင်ခန့်သမ္မတရဲ့စကားဟာ လက်တွေ့အဓိပ္ပာယ်နဲ့ လုံးဝချည်းဆန့်ကျင်နေပါတယ်။
တကယ်လို့ လူငယ်တွေကို နိုင်ငံ့ရတနာလို့ သတ်မှတ်မယ်ဆိုရင် သူတို့ရဲ့ အသံကိုလည်း တန်ဖိုးထားရပါမယ်။ သူတို့ရဲ့ အိပ်မက်တွေကိုလည်း လေးစားရပါမယ်။ အနာဂတ်ကို တည်ဆောက်မယ့် လူငယ်တွေကို အာဏာအောက်မှာ ထိန်းချုပ်ဖို့ထက် အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ပေးအပ်ဖို့က ပိုအရေးကြီးပါတယ်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ရဲ့ အဓိပ္ပာယ်က လူငယ်တွေကို ချီးကျူးပြောဆိုဖို့သက်သက် မဟုတ်ပါဘူး။ လူငယ်တွေရဲ့ အသံ၊ အခွင့်အရေးနဲ့ အနာဂတ်ကို အမှန်တကယ် လေးစားတန်ဖိုးထားဖို့ ဖြစ်ပါတယ်။
ဒါကြောင့် “လူငယ်တွေကို တန်ဖိုးထားပါတယ်” ဆိုတဲ့ စကားထက် လူငယ်တွေရဲ့ အသံကို ဘယ်လောက်အထိ နားထောင်ပေးသလဲ၊ ဘယ်လောက်အထိ အခွင့်အရေးပေးသလဲ၊ သူတို့ရဲ့ အနာဂတ်ကို ဘယ်လောက်အထိ လွတ်လပ်စွာ တည်ဆောက်ခွင့်ပေးသလဲ ဆိုတာက ပိုပြီး အရေးကြီးပါတယ်။
ဒါပေမယ့်လည်း အာဏာရှင်အောက်မှာ ရှင်သန်နေရတဲ့ လူငယ်တွေကတော့ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ရွေးချယ်ခွင့်၊ ကိုယ့်အမြင်ကို လွတ်လပ်စွာဖော်ထုတ်ခွင့်နဲ့ မိမိတို့နိုင်ငံရဲ့ အနာဂတ်ကို ကိုယ်တိုင်ပါဝင်ပုံဖော်ခွင့်တွေ ဆုံးရှုံးနေရပါတယ်။ လူငယ်တွေရဲ့ အသံကို နားထောင်ပေးရမယ့်အစား တိတ်ဆိတ်စေဖို့ လုပ်ဆောင်တယ်၊ မေးခွန်းထုတ်သူတွေကို ပြဿနာရှာသူအဖြစ် သတ်မှတ်ကာ မတူညီတဲ့အမြင်တွေကို ဖိနှိပ်ပြီး လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်စီးစေခဲ့ပါတယ်။
လူငယ်တွေကို တကယ်တန်ဖိုးထားတဲ့ ခေါင်းဆောင်ဟာ လူငယ်တွေရဲ့ အသံကို ကြောက်ရွံ့သူ မဟုတ်ပါဘူး။ မတူညီတဲ့အမြင်ကို ဖိနှိပ်သူလည်း မဟုတ်ပါဘူး။ လူငယ်တွေရဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပေးသူလည်း မဟုတ်ပါဘူး။ လူငယ်တွေကို လွတ်လပ်စွာ ရပ်တည်ခွင့်၊ ပြောဆိုခွင့်နဲ့ အနာဂတ်ကို ကိုယ်တိုင်တည်ဆောက်ခွင့် ပေးနိုင်သူသာ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေကို စကားနဲ့သာ တန်ဖိုးထားပြီး လက်တွေ့မှာတော့ သူတို့ရဲ့ အသံကို ဖိနှိပ်၊ အခွင့်အရေးကို ကန့်သတ်ပြီး အနာဂတ်ကို ချုပ်ကိုင်ထားတဲ့ အာဏာရှင်ဟာ လူငယ်တွေကို တန်ဖိုးထားတဲ့ သူမဟုတ်ပါဘူး။ လူငယ်တွေကို တန်ဖိုးမထားတဲ့ အာဏာရှင်သာ ဖြစ်ပါတယ်။