ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ခိုးသယ်-ခိုးကူးလမ်းကြောင်းနဲ့ သာ အလုပ်ဖြစ်နေ

ဩဂုတ် ၁၂ ၊ ၂၀၂၆
ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ မဲဆောက် ကုန်သွယ်ရေးလမ်းကြောင်းမှာ အာဏာသိမ်းစစ်တပ်က ထိုင်းထုတ်ကုန်တရားဝင် တင်သွင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားတာကြောင့် သောင်ရင်းမြစ်ကမ်းဘေး
တရားမဝင်ခိုးကူးဂိတ်တွေကနေ ကမ်းကူးသယ်ယူပြီး ခိုးလမ်းကြောင်းနဲ့ မြန်မာပြည်တွင်းကို သယ်ယူနေရလို့ ခိုးကူး၊ ခိုးလမ်းလုပ်ငန်းအလုပ်ဖြစ်နေတယ်လို့ ကုန်သည်နဲ့ ကုန်ကားယာဉ်မောင်းတွေက ပြောပါတယ်။
လက်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးကို စစ်တပ်က ထိမ်းချုပ်ထားတဲ့ မဲဆောက်−မြဝတီကုန်သွယ် ရေးတံတားမှာ မြန်မာပြည်ပို့ကုန် ပဲ၊ ပြောင်း၊ ကြက်သွန်တင်ပို့ခွင့်ပေးထားပြီး၊ ထိုင်းဘက်မှ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများကိုသာ တင်သွင်းခွင့်ပေးထားတာကြောင့် ထိုင်းစားသောက်ကုန်၊ လူသုံးကုန်နဲ့ အိမ်သုံး ဆေးဝါးတွေကို မြဝတီမြို့ ကရင်အပစ်ရပ်လက်နက်ကိုင် BGF၊ KNA၊ DKBA ၊ PC ငြိမ်းချမ်း ရေးကောင်စီအဖွဲ့တွေရဲ့ ခိုးကူးဂိတ်တွေကနေ မြန်မာပြည်ဘက်ကို သယ်ယူနေရတယ်လို့ အခြေ အနေသိတဲ့ ကုန်သယ်တစ်ဦးက ပြောပါတယ်။
” တရားဝင်တံတား၂က ဘာဂျူတီမှ ထိုင်းကုန်ဆို မပေးဘူးလေ၊ ဆောက်လုပ်ရေးပစ္စည်း၊ သံ၊ သွပ်၊ ဘိလပ်မြေဘဲ မြန်မာပြည်ကို သွင်းလို့ရတယ်၊ ထိုင်းစား သောက်ကုန်မရဘူး၊ အလှကုန်၊‌ ဆေးဝါး၊ စက်မှုကုန်ကြမ်း၊ စက်အပိုပစ္စည်း အကုန်ခိုးကူးဂိတ်ကဘဲ ကူးလို့ရတယ်၊ ပြီးရင် ကရင်အဖွဲ့အစည်းနဲ့ စစ်တပ်ဂိတ်ကို ရှောင်ကွင်းခိုးလမ်းပတ်ပြီး ဖားအံ-မော်လမြိုင်ပို့၊ အဲ့ကနေ ရန်ကုန်၊ မန်း‌လေးကို ခိုးလမ်း တွေကနေ ပြန်ပြီးတစ်ဆင့် သယ်ပို့တဲ့နည်းနဲ့ ထိုင်းပစ္စည်းသွင်းနေရတယ်” လို့ ပြောပြပါတယ်။
အဲ့လိုသယ်ဆောင်ရာမှာ စစ်တပ်ဂိတ်များမှ အဖမ်းအဆီးလွတ်အောင် ရှောင်ကွင်းသယ်ယူ ရတာတွေကြောင့် လနဲ့ချီပြီး ပစ္စည်းအရောက်ပို့နိုင်ဖို့ အချိန်ယူစောင့်ရှောက်ရတာမျိုး ရှိပြီး အမြတ်အစွန်းထက်ခရီးစရိတ်အရင်းကျေအောင် ကရင်လက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ အကာအကွယ်နဲ့ ခွင့်ပြုသွားလာခွင့်တွေကို ငွေကြေးပေးအသုံးပြုရတယ်လို့ ကုန်စည်ကားမောင်းသူက ပြောပါတယ်။
အရင်က ထိုင်းကုန်တရားဝင်သယ်ရင် ဂျူတီအပွားမိတ္တူ နဲ့ ကုန်ပွား၊ ကားပွားပြီးသယ်လို့ရတယ်၊ အခုက ဂျူတီမပေးသွင်းတော့ ခိုးလမ်း၊ ခိုးကူးဘဲ လုပ်ရတယ် အဲ့တော့ အဖမ်းမခံရအောင် လမ်းကြောင်း အခြေအနေကြည့်ပြီးမှ ပစ္စည်းကို အဆင့်ဆင့်သယ်ရတယ်၊ မိရင်တော့ငွေနဲ့ ရှင်း၊ ကုန်သည်ကတော့ သူဆီပစ္စည်းဝင်ဖို့ကို ခေတ်အဆက်ဆက်နည်းလမ်းပေါင်းစုံနဲ့ ကုန်သယ်လုပ်ကြတာဘဲလေ၊ ကားသမားလည်းအတူတူဘဲကားနဲ့ ကုန်လွတ်ဖို့ကတော့စွန့်စားရတာပေါ့ ” လို့ပြောပြပါတယ်။
လတ်တလော မြဝတီမြို့မှာတော့ စစ်အုပ်စုနဲ့ အဆင်ပြေတဲ့ကရင်လက်နက်ကိုင်အဖွဲ့ အစည်းပိုင် ဂိတ်တွေ၊ဂို‌ထောင်တွေမှာတော့ ထိုင်း၊မြန်မာကုန်စည်တွေအကူးအသန်းမပြတ်ရှိ နေပေမယ့်၊ စစ်အုပ်စုနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ ဂိတ်တွေလုပ်ငန်းရှင် တွေရဲ့ ဂိုထောင်တွေကိုတော့ ဖမ်းဆီး အရေးယူတာမျိုးတွေရှိနေတယ်လို့သိရပါတယ်။
အခုလို ခိုးကူး၊ခိုးလမ်းကုန်သွယ်စီးပွားရေးကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ စစ်အုပ်စုအတွက် တရားဝင်အခွန်အခမရရှိ ဘဲ၊စစ်အုပ်စုဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲနဲ့ အောက်ခြေဝန်ထမ်းတွေမှာတော့ တရားမဝင်ကုန်ကူးသူတွေဆီကနေ လဘ်ငွေ သိန်းရာချီရ နေပြီးဝင်ငွေကောင်းနေကြတယ်လို့ ဝန်ထမ်းနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *