By – သူတိုးစံ
မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ မြစ်ရေကြီးမှုကြောင့် ပဲခူးမြို့ပေါ်မှာ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး အခြေခံပညာ ကျောင်းပေါင်း ၁၄ ကျောင်း ပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပဲခူးမြစ်ရေဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်လာတဲ့အတွက် မြို့ပေါ် အနိမ့် ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့တာပါ။
ဩဂုတ်လ ၃ ရက်နေ့အထိ ရေပြန်လည်ကျဆင်းခြင်း မရှိသေးဘဲ မြို့ပေါ်လမ်းမတန်းတွေအထိပါ ရေကျော်လာပြီး နေအိမ်အချို့ ရေဝင်နေဆဲဖြစ်တယ်လို့ ပဲခူးမြို့ခံတစ်ဦးက PRM ကို ပြောပါတယ်။
“ရေက ဝင်နေတုန်းပဲ၊ ကျမယ်လို့ ပြောတာပေါ့နော်၊ ဒီအတိုင်းကြီး အစုလိုက်အပြုံလိုက် ရှောင်တာမျိုးတော့ မရှိသေးပါဘူး၊ အခြေအနေစောင့်ကြည့်နေကြတာပေါ့လေ” လို့ ပြောပါတယ်။
လက်ရှိ ကလျာဏီရပ်ကွက်ရှိ နယ်မြေ ၄၊ ၆ ၊ ၁၆ ၊ မြို့သစ်၊ မဖင်း၊ သရက်တောအောက်ပိုင်း၊ မဟာမြိုင်၊ ဇိုင်းတောင်တွေမှာ အစရှိတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှုဒဏ်ကို ပိုခံစားနေရတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို ရေကြီးရေလျှံမှုကြောင့် အ.ထက ၄၊ အ.ထ.က ၁၀၊ အ.ထ.က(ခွဲ)ကျောင်းတွေအပြင်၊ မူလတန်း၊ မူလွန်၊ အလယ်တန်းကျောင်း စုစုပေါင်း ၁၄ ကျောင်းခန့်ကို ယာယီပိတ်ထားရပါတယ်။
“ပိတ်ထားလိုက်ရတာ ကောင်းပါတယ်၊ သဘာဝဘေးဆိုတော့ မိုးဆက်များပြီး ရေထပ်တက်လာရင် ဘာမှ လုပ်လို့မရနိုင်ဘူးလေ၊ ဘာမှ မသိကြတာ” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
မိုးဇလကတော့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေ ၅ လက်မခန့် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း ၆ လက်မခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
အခုနှစ်လယ်ပိုင်းမှာ နိုင်ငံတဝှမ်းက တိုင်းနဲ့ပြည်နယ်အများစုမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်ကနေ ဩဂုတ် ၁၁ ရက်အတွင်း မြို့နယ် ၄၁ ခုမှာ ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိနိုင် တယ်လို့ ISP Myanmar ကထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – လူမှုကွန်ရက်