ကရင်ပြည်နယ် ထိုင်းမြန်မာနယ်စပ်က တရုတ်ကျားဖြန့်လုပ်ငန်းတွေကိုစစ်အုပ်စုက နှိမ်နှင်းတာ နဲ့ တောတောင်တွေကြား ရွေ့ပြောင်းရတာ၊ စစ်အုပ်စုတပ်နဲ့ KNLA မဟာမိတ်တပ်တွေ တိုက်ပွဲကြားပိတ်မိရခံရတာတွေကြောင့် မွန်၊ ကရင်ဒေသခံတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေ တရုတ်ကျားဖြန့် ရုံတွေကနေ အလုပ်ထွက်ပြီးနေရပ်ရင်းပြန်လာသူနဲ့ ထိုင်းနိုင်ငံဘက် ဝင်ရောက်လာသူတွေ များပြားလာနေပါတယ်။
အဲ့ဒီငွေလိမ်လုပ်ငန်းက အလုပ်ထွက်ပြန်လာသူ တွေဟာ၂၀၂၅ခုနှစ်အစောပိုင်းကစပြီး နေရပ်ရင်းမြို့ရွာတွေမှာ အင်တာနက်ကတစ်ဆင့် အစုအဖွဲ့နဲ့ ချိတ်ဆက်လိမ်လည်တာ၊ ထိုင်းနိုင်ငံဘက်မှာ ရှောင်တိမ်းနေထိုင်ပြီး ငွေလိမ်လည်တဲ့လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လိမ်လည်နေကြတာမျိုးတွေ ပိုများလာနေတယ်လို့ တရုတ်ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်ဖူးသူတွေကို စုံစမ်းမေးမြန်းချက်အရသိရပါတယ်။
” ကျားဖြန့်ကတရုတ်တွေဆီမှာ လုပ်ရတာသူဌေးကောင်းရင်လုံခြုံပေမယ့် သူဌေးမကောင်းရင် အလုပ်အဆင်မပြေတာများတော့ မလုပ်ကြတော့ဘူး၊ ကိုယ်မြို့ကိုယ်ပြန်ပြီး အလုပ်လုပ်ခဲ့တုန်းက သိခဲ့တဲ့သူငယ်ချင်းတွေချင်း ချိတ်ဆက်ပြီး ကိုယ့်အုပ်စုနဲ့ကိုယ်လိမ်စားနေကြတယ်၊ တစ်ချို့ကလည်း ထိုင်းဘက်တက်သွားတယ်၊ ကိုယ့်နေရာကိုယ်ပြန်ရင် စစ်သားစုခံရမှာကြောက်လို့ ရှောင်ရင်း ထိုင်းထဲကနေ မြန်မာပြည်သားတွေကို ပြန်လိမ်စားတယ် ” လို့ အခြေအနေသိတဲ့ ကျားဖြန့်အလုပ်သမားဟောင်းက ပြောပြပါတယ်။
ဒါ့အပြင် ထိုင်းမြန်မာနယ်စပ်ကျားဖြန့်ရုံတွေကနေ တရုတ်သူဌေးအကြိုက် မြန်မာအလုပ်သမားတွေအနေနဲ့ လာအို ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နယ်စပ်နဲ့ ထိုင်းနိုင်ငံထဲကမြို့ရွာတချို့မှာ ရွေ့ပြောင်းအလုပ်နေရာပေးပြီး ဆက်လိမ်လည်ရတာမျိုးလည်းရှိနေတယ်လို့ သိရပါတယ်။
” ကျမတို့ကမြဝတီဘက်မှာဘဲ အခန်းဌားနေတယ်၊ သူဌေးနဲ့မလုပ်တော့ဘူး၊ ဘားအံပြန်နေတဲ့သူ၊ မော်လမြိုင်ပြန်နေတဲ့သူနဲ့ ၊ရန်ကုန်ဘက်ပြန်သွားတဲ့သူတွေချင်းချိတ်ဆက်ပြီး ကိုယ်ဟာကိုကျားဖြန့် ဆက်လုပ်နေတယ်၊ အင်တာနက်ဝိုင်ဖိုင်နဲ့ လျှပ်စစ်မီးမှန်တဲ့ ရပ်ကွက်မှာတော့နေရတာပေါ့နော်၊ အဓိကက မီးနဲ့အင်တာနက်ရနေဖို့ဘဲ၊ အဲ့လိုမလုပ်ဘဲ သူဌေးတောထဲတောင်ထဲပြောင်းလဲ လိုက်လုပ်ကြတာမျိုးလဲရှိတယ်၊အရင်လို တရုတ်ဆိုဒ်တွေထဲလိုတော့ နေမရတော့ဘူးပေါ့နော်” လို့ ပြောပြပါတယ်။
အရင်ကထိုင်းမြန်မာနယ်စပ်မြဝတီ၊ ရွှေကုက္ကို၊ ကျောက်ခက်၊ မယ်ထော်သလေး၊ KKpark ၊ AApark နေရာတွေမှာတရုတ်ကျားဖြန့်လုပ်ငန်းတွေ မြို့သစ်တစ်ခုပုံစံနဲ့ လုပ်ကိုင်ရာက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအထိ ကျယ်ပြန့်လာတာကြောင့် နိုင်ငံတကာကကျားဖြန့်လုပ်ငန်း နှိမ်နှင်းရေးတွေ လုပ်ဆောင်လာချိန်မှာ ကျားဖြန့်လုပ်ငန်းတွေ ပြိုကွဲရွေ့ပြောင်းကုန်ရာက အခုလိုတစ်ပိုင်တစ်နိုင်အဆင့်အထိ အသွင်ပြောင်းလာတာလို့ ကျားဖြန့်လုပ်ငန်းနဲ့ နီးစပ်တဲ့စီးပွားရေးသမားတွေက ပြောပါတယ်။
” မြဝတီမှာက ကျားဖြန့်ရုံကို တရုတ်စာ၊ကွန်ပျူတာနဲ့ ရက်တိုသင်ပြီး အလုပ်သွင်းပေးတဲ့ပွဲစားတွေ၊ တရုတ်စားသောက်ဆိုင်၊ တရုတ်ဆိုဒ်ထဲ ဒလီဘာရီပို့တဲ့သူတွေ၊ တရုတ်ဆိုဒ်သစ်တွေဆောက်တဲ့ကန်ထရိုက်အလုပ်သမားအုပ်စုတွေ၊ရေ၊ မီး၊ လျှပ်စစ်၊ အဲကွန်းသမားတွေ၊ သန့်ရှင်းရေးသမားအထိ အလုပ်ကောင်းခဲ့ကြတယ်၊အခုကတော့ကျားဖြန့်ရွေ့ရာကို လိုက်ရွေ့တဲ့သူကတော့အဆင်ပြေတယ်၊ မရွေ့တဲ့သူတွေကတော့တစ်ပိုင်တစ်နိုင်တွေ ဖြစ်ကုန်တာပေါ့နော်၊ မြဝတီမှာကတော့ အိမ်ခန်းတိုက်ခန်း၊ ဟိုတည်ခန်းဌားပြီးခိုးလုပ်နေတာမျိုးတော့ ရှိနေသေးတယ်” လို့ ပြောပြပါတယ်။
လက်ရှိမှာတော့ တရုတ်ကျားဖြန့်ကိုလက်ခံနေရာ ပေး၊ လုံခြုံရေးပေးပြီး အကျိုးတူလုပ်ကြတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေကို စစ်အုပ်စုကဖိအားပေးပြီး ကျားဖြန့်နှိမ်နှင်းရေး ဟန်ပြလုပ်ပြနေတာကြောင့် ထိုင်းမြန်မာနယ်စပ်က တရုတ်ကျားဖြန့်တွေ တောတောင်တွေဘက်ပြောင်းရွေ့တာ၊ မွန်၊ ကရင်ပြည်နယ်ထဲကကျေးရွာတွေဘက် ပြောင်းရွေ့လုပ်ကိုင်တာမျိုးနဲ့ အကျိုးဖြစ်ထွန်းနေကြတုန်းဘဲလို့ တရုတ်ကျားဖြန့် နဲ့ဆက်စပ်လုပ်ကိုင်ကြသူတွေပြောစကားအရ သိရပါတယ်။
အဲဒီတရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်းဟာ ထိုင်းမြန်မာနယ်စပ်ကနေ မြန်မာပြည်တွင်းက မြို့ရွာတွေထဲကို တရားမဝင်လူကုန်ကူးခံရပြီး ငွေလိမ်လုပ်ငန်းမှာ နည်းပညာကျွမ်းကျင်သူ၊ လိမ်လည်နည်းကျွမ်းကျင်သူ နိုင်ငံခြားသားအလုပ်သမားအဖြစ်နဲ့ လက်နက်ကိုင်ထိမ်းချုပ်နယ်မြေတွေထဲကနေ နိုင်ငံတကာကပြည်သူတွေကို ပစ်မှတ်ထားလိမ်လည်နေကြတုန်းဘဲလို့ သိရပါတယ်။