ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ “မတူတာ” ကို ကြောက်တတ်တဲ့ အလေ့အထတစ်ခု ရှိနေဆဲဖြစ်တယ်။ မတူတဲ့ ဘာသာ၊ မတူတဲ့ လူမျိုး၊ မတူတဲ့ အယူအဆတွေကိုသာမက မတူတဲ့ လိင်စိတ်ခံယူမှုနဲ့ ကျား/မ အမှတ်သညာရှိသူတွေကိုပါ သံသယမျက်လုံးနဲ့ ကြည့်လေ့ရှိကြတယ်။ LGBT+ များအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ ကဲ့ရဲ့လှောင်ပြောင်မှုတွေ၊ အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်နေတာဟာ အဲဒီအလေ့အထရဲ့ အကျိုးဆက်တစ်ခုပါပဲ။ LGBT+ ဖြစ်ခြင်းဟာ လူတစ်ယောက် ရွေးချယ်လိုက်တဲ့ အရာမဟုတ်သလို ဖက်ရှင်တစ်ခုလည်း မဟုတ်ဘူး။ ခေတ်စားနေတဲ့ ယဉ်ကျေးမှုတစ်ခုလည်း မဟုတ်ဘူး။ လူသားတွေမှာ မတူညီတဲ့ အရောင်အသွေး၊ စရိုက်လက္ခဏာတွေ ရှိသလို လိင်စိတ်ခံယူမှုနဲ့ ကျား/မ အမှတ်သညာတွေမှာလည်း မတူကွဲပြားမှုတွေ ရှိနေတတ်တာ သဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ LGBT+ တွေဟာ အချိန်ကြာမြင့်စွာ အထင်သေးခံခဲ့ရတယ်။ဟာသလုပ်ခံခဲ့ရတယ်။ လူအများရှေ့မှာ လှောင်ပြောင်ခံခဲ့ရတယ်။ အချို့ကတော့ LGBT+ ဖြစ်တာကိုပဲ ကိုယ်ကျင့်တရားမကောင်းခြင်းနဲ့ တန်းတူထားပြီး စွပ်စွဲကြတယ်။ ဒါတွေဟာ အမှန်တရားအပေါ် အခြေမခံတဲ့ လူမှုရေးအယူအဆတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ LGBT+ တစ်ယောက်ဟာ ဘာကွာသလဲ။ သူတို့လည်း ချစ်တတ်ကြတယ်။ ဝမ်းနည်းတတ်ကြတယ်။ အိပ်မက်တွေ ရှိကြတယ်။ မိသားစုကို ချစ်ကြတယ်။ လူ့အဖွဲ့အစည်းကို အကျိုးပြုချင်ကြတယ်။ ဆရာဝန် ဖြစ်နိုင်တယ်။ ကျောင်းဆရာ ဖြစ်နိုင်တယ်။ သိပ္ပံပညာရှင် ဖြစ်နိုင်တယ်။ အနုပညာရှင် ဖြစ်နိုင်တယ်။ နိုင်ငံကို အကျိုးပြုနိုင်တဲ့ နိုင်ငံသားတစ်ယောက် ဖြစ်နိုင်တယ်။ သူတို့ကို အခြားသူတွေနဲ့ ကွဲပြားစေတာဟာ လိင်စိတ်ခံယူမှုတစ်ခုသာ ဖြစ်ပြီး လူသားတန်ဖိုးမှာတော့ မည်သည့် ကွာခြားချက်မှ မရှိပါဘူး။ မြန်မာလူ့အဖွဲ့အစည်းမှာ LGBT+ အပေါ် အကောင်းမမြင်တာတွေ ဖြစ်လာရတဲ့ နောက်ခံအကြောင်းရင်းတွေထဲမှာ စစ်အာဏာရှင်စနစ်ရဲ့ သက်ရောက်မှုလည်း ပါဝင်ပါတယ်။ အာဏာရှင်စနစ်ဟာ မတူကွဲပြားမှုကို မကြိုက်ဘူး။ လူတိုင်းကို တစ်ပုံစံတည်း ဖြစ်စေချင်တယ်။ စံနှုန်းတစ်ခုတည်းကိုသာ မှန်တယ်လို့ သတ်မှတ်တယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ LGBT+ လို လူနည်းစုတွေဟာ ပစ်မှတ်တစ်ခု ဖြစ်လာကြတယ်။ သူတို့ရဲ့ အသံတွေ ပျောက်ကွယ်သွားတယ်။ သူတို့အကြောင်းကိုလည်း အပျက်သဘောနဲ့ပဲ ပြောဆိုကြတယ်။ တကယ်တော့ LGBT+ တွေဟာ နိုင်ငံကို ဖျက်စီးနေသူတွေမဟုတ်ပါဘူး။ နိုင်ငံကို အမှန်တကယ် ဖျက်စီးနေသူက အာဏာရှင်တွောသာဖြစ်ပါတယ်။ ဒါကြောင့် LGBT+ ဟာ ရွံမုန်းရမယ့် လူတန်းစားမဟုတ်ပါဘူး။ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် LGBT+ တွေဟာ ယနေ့ခေတ်မှ ပေါ်လာတဲ့သူတွေ မဟုတ်ပါဘူး။ လူ့ယဉ်ကျေးမှုသမိုင်း တစ်လျှောက်လုံးမှာ ရှိခဲ့ကြပါတယ်။ ဗုဒ္ဓလက်ထက်က အိန္ဒိယလူ့အဖွဲ့အစည်းမှာတောင် ကျား၊ မ နှစ်မျိုးတည်းနဲ့ မဖော်ပြနိုင်တဲ့ လူပုဂ္ဂိုလ်အမျိုးအစားတွေ ရှိခဲ့တယ်ဆိုတာ စာပေမှတ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။ ဒါကြောင့် LGBT+ ဆိုတာ အသစ်အဆန်းမဟုတ်ပါဘူး။ လူ့သဘာဝရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ကြည့်ရင်လည်း ဗုဒ္ဓက လူတစ်ယောက်ကို သူ ဘယ်လိုလိင်စိတ်ခံယူမှုရှိသလဲဆိုတာနဲ့ မဆုံးဖြတ်ခဲ့ပါဘူး။ သူ့ရဲ့ အကျင့်စာရိတ္တ၊ စိတ်ထားနဲ့ လုပ်ရပ်တွေကိုသာ အရေးပေးခဲ့ပါတယ်။ ဗုဒ္ဓရဲ့ မေတ္တာတရားဟာ လူတစ်စုအတွက်သာ မဟုတ်ပဲ လူသားအားလုံးအတွက် ဖြစ်ပါတယ်။ မိမိနဲ့ မတူသူကို မုန်းတီးဖို့ မဟုတ်ဘဲ နားလည်ဖို့၊ လေးစားဖို့၊ ကရုဏာထားဖို့ သင်ကြားခဲ့တာ ဖြစ်ပါတယ်။ LGBT+ အခွင့်အရေးအကြောင်း ပြောတဲ့အခါ အထူးအခွင့်အရေး တောင်းဆိုနေတာ မဟုတ်ဘူး။ လူတိုင်း ရသင့်တဲ့ အခြေခံလူ့အခွင့်အရေးကိုသာ တောင်းဆိုနေတာ ဖြစ်ပါတယ်။ အလုပ်လုပ်ခွင့်၊ ပညာသင်ခွင့်၊ လုံခြုံစွာ နေထိုင်ခွင့်၊ ခွဲခြားမခံရဘဲ လူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရခွင့်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ မတူကွဲပြားမှုကို ကြောက်တဲ့ လူ့အဖွဲ့အစည်းမဟုတ်ဘဲ မတူကွဲပြားမှုကို လေးစားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ လိုပါတယ်။ LGBT+ တစ်ယောက်ကို လက်ခံခြင်းဆိုတာ LGBT+ ကိုပဲ လက်ခံတာ မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လက်ခံတာ ဖြစ်ပါတယ်။ လူသားတစ်ယောက်ရဲ့ အခွင့်အရေးကို လက်ခံတာလည်း ဖြစ်ပါတယ်။ အဆုံးမှာတော့ မေးခွန်းတစ်ခုပဲ ကျန်ပါတယ်။ လူတစ်ယောက်ကို သူ့ရဲ့ လိင်စိတ်ခံယူမှုကြောင့် မုန်းတီးဖို့ ရွေးချယ်မလား၊ ဒါမှမဟုတ် လူသားတစ်ယောက်အဖြစ် လေးစားဖို့ ရွေးချယ်မလား ဆိုတာပါပဲ။ ပိုမိုမျှတပြီး ပိုမိုကြင်နာတဲ့ လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ အဖြေက ရှင်းနေပြီးသား ဖြစ်ပါတယ်။
LGBT+ များအပေါ် နားလည်မှု၊ လေးစားမှုနှင့် တန်းတူညီမျှမှုဆီသို့