ထိုင်းသံတမန်ရေး လမ်းဆုံလမ်းခွ ရောက်ရှိနေပြီ
+++++++++++++++++++++++++++++++
ဘန်ကောက်ပို့စ် သတင်းစာ၏ Thai diplomacy at a crossroads ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ထားသည်။
ထိုင်းနိုင်ငံ၏ အဆက်ဆက်သော အစိုးရက ကျွမ်းကျင်စွာထိန်းညှိကျင့်သုံးလာခဲ့သည့် နိုင်ငံခြားရေးမူဝါဒသည် ပထဝီနိုင်ငံရေးဆိုင်ရာ ဟန်ချက်ညီမှုနှင့် မကိုက်ညီသည့် မေးခွန်းထုတ်စရာ လမ်းကြောင်းများပေါ်သို့ ယနေ့ရောက်နေပါပြီ။
ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကွန် ဦးဆောင်သည့် အစိုးရသည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် မလိုအပ်ဘဲ အလွန်အမင်း အရေးပေးဆက်ဆံမှုများ ပြုလုပ်လာခဲ့သည်။
မင်းအောင်လှိုင်သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် မြန်မာ့ဒီမိုကရေစီရွေးကောက်ပွဲရလဒ်ကို ချေဖျက်ခဲ့ပြီး အာဏာသိမ်းယူခဲ့သူဖြစ်သည်။ ထို့နောက် ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာနှင့်၂၀၂၆ ဇန်နဝါရီအတွင်း ပြုလုပ်ခဲ့သည့် အယောင်ဆောင်ရွေးကောက်ပွဲများမှတစ်ဆင့် ထိုအာဏာလုယူမှုကို အဖြူရောင်ဆေးသုတ်ကာ အာဏာတည်မြဲရေးကြိုးပမ်းခဲ့သည်။
ယခု မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်သည် အရှေ့တောင်အာရှ၏ အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော အာဆီယံအတွင်း ပိုမိုကွဲပြားစေနိုင်သည်။ အာဆီယံသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံနှင့် ဆက်စပ်သည့် ထိပ်သီးအစည်းအဝေးများမှ ဖယ်ထုတ်ထားခဲ့သည်။
မူဝါဒရေးရာတွင် အားနည်းပြီး နိုင်ငံခြားရေးကိစ္စများအပေါ် အတွေ့အကြုံနည်းပါးသည့် ဝန်ကြီးချုပ် အနုတင်သည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကေယိုထံသို့ အာဏာကုန်လွှဲအပ်ထားပုံရသည်။
ဆီဟာဆက်က လွန်ခဲ့သည့် ၂ ရက်အတွင်း ပြုလုပ်ခဲ့သော နှစ်နိုင်ငံဆွေးနွေးပွဲများမှတစ်ဆင့် ထိုင်းနိုင်ငံအနေဖြင့် အကျိုးအမြတ်ရရှိမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
ဆွေးနွေးခဲ့သည့်ကဏ္ဍများမှာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ရွှေ့ပြောင်းအလုပ်သမားများ၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ အွန်လိုင်းလိမ်လည်မှုကွန်ရက်များနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့ ဖြစ်သည်။
မင်းအောင်လှိုင်၏ ယခု ပြီးဆုံးသွားသည့် ထိုင်းနိုင်ငံခရီးစဉ်ကို အနုတင်အစိုးရက “ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” (calibrated re-engagement) ဟု ပုံဖော်သည်။
သို့သော် ယင်းခရီးစဉ်တွင် အမှန်တကယ် “ချိန်ညှိထားမှု” အနည်းငယ်သာ တွေ့ရသည်။ အစိုးရအဆင့် တရားဝင်ကြိုဆိုမှု၊ တွေ့ဆုံဆွေးနွေးမှုများနှင့် စီးပွားရေးဖိုရမ်တို့ ပါဝင်ခဲ့သည့်အတွက် ယင်းခရီးစဉ်သည် ထိုင်းနိုင်ငံဘက်မှ လိုက်လျောမှုများရရှိရန် ရည်ရွယ်သည့် ချိန်ညှိထားသော သံတမန်ရေးထက် မင်းအောင်လှိုင် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်လျောရသည်က ပိုမိုတူနေသည်။
မင်းအောင်လှိုင်ကို ဤမျှ ထင်ရှားစွာ၊ စိတ်အားထက်သန်စွာ လက်ခံခြင်းဖြင့် ထိုင်းနိုင်ငံ၏ ရည်မှန်းချက်များ မည်မျှအထိ အောင်မြင်မည်ဆိုသည်မှာ မရှင်းလင်းသေးပေ။ သို့သော် ရှင်းလင်းသည့်အချက်တစ်ခုမှာ စစ်အာဏာသိမ်းမှုကို အခြေခံထားသည့် အစိုးရ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ မင်းအောင်လှိုင်သည် မိမိလိုချင်သည့်အရာများကို ရရှိခဲ့ခြင်းပင်ဖြစ်သည်။
၎င်းတို့မှာ နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု၊ အာဏာသိမ်းပြီးနောက် မိမိ၏ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်နိုင်ခြင်းနှင့် မိမိနှင့် နီးစပ်သူများ အကျိုးခံစားရမည့် စီးပွားရေးသဘောတူညီချက်များ ရရှိခြင်းတို့ ဖြစ်သည်။ မြန်မာပြည်သူများအတွက် အကျိုးရှိသည့်ပုံစံမဟုတ်ဘဲ အခြေအနေကို ပြောင်းပြန်လှန်ထားသည့်ပုံစံ ဖြစ်နေသည်။
ထိုင်းနိုင်ငံသည် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် လိုက်လျောမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိမည်ဟု မျှော်လင့်ကာ အာဏာသိမ်းသူဘက်သို့ လိုက်လျောပေးခဲ့ပုံရသည်။ သို့သော် ယင်းသည် အလွန်အန္တရာယ်ရှိပြီး မိုက်မဲသော ရပ်တည်ချက်တစ်ရပ်ဖြစ်သည်။
အသက် ၈၁ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒေသခံကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးပြီး လူသိရှင်ကြား ပေါ်လာသည့် ဓာတ်ပုံများ ထွက်ပေါ်လာစေခဲ့ခြင်းသည်ပင် ဘန်ကောက်သို့ မင်းအောင်လှိုင်လာရောက်မည့်အချိန်နှင့် တိုက်ဆိုင်အောင် အချိန်ကိုက်စီစဉ်ထားပုံရသည်။ ထို့ကြောင့် ထိုတွေ့ဆုံမှု၏ ရည်ရွယ်ချက်အပေါ် မေးခွန်းများ ပေါ်ပေါက်လာခဲ့သည်။
မင်းအောင်လှိုင်ကို လိုက်လျောပေးပြီး မထိုက်တန်သည့် အသာစီးရရှိစေခြင်းသည် အာဆီယံ၏ မြန်မာ့အရေးပြဿနာကို ပိုမိုဆိုးရွားစေရုံသာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမြှင့်တင်ရာတွင် အာဆီယံ၏ အဓိကအခန်းကဏ္ဍကိုပါ အားနည်းစေသည်။
အာဆီယံ၏ အဓိကနိုင်ငံတကာအခန်းကဏ္ဍနှင့် မဟာဗျူဟာမြောက် အားသာချက်မှာ ကမ္ဘာ့ခေါင်းဆောင်များအကြား အဆင့်မြင့်အစည်းအဝေးများ ကျင်းပနိုင်ခြင်းနှင့် ဆွေးနွေးညှိနှိုင်းရန် ပလက်ဖောင်းတစ်ခု ပေးနိုင်ခြင်း ဖြစ်သည်။ မင်းအောင်လှိုင်ကို အာဆီယံဗဟိုပြု ထိပ်သီးအစည်းအဝေးများတွင် ပြန်လည်ပါဝင်ခွင့်ပေးမည်ဆိုပါက ဥရောပနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားအင်အားကြီးနိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ထိုအစည်းအဝေးများသို့ တက်ရောက်ရန် နှစ်ကြိမ်စဉ်းစားလာနိုင်သည်။
အကြောင်းမှာ မင်းအောင်လှိုင်နှင့် သူ၏အစိုးရသည် အာဏာသိမ်းပြီးနောက် လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့သည့် ဖျက်ဆီးမှုများ၊ ထောင်နှင့်ချီသော အမျိုးသမီးများ၊ ကလေးများနှင့် အရပ်သားများ သေဆုံးမှုများနှင့် ဆက်စပ်၍ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။
အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းထားသည့် စစ်အာဏာရှင်တစ်ဦးအဖြစ် ရပ်တည်နေသော မင်းအောင်လှိုင်သည် မိမိနိုင်ငံသားအများစု၏ မုန်းတီးမှုကို ခံနေရသူဖြစ်သည်။
ထိုင်းနိုင်ငံက မင်းအောင်လှိုင်ကို ထောက်ခံအသိအမှတ်ပြုခြင်း၊ ထို့ထက်ပို၍ အာဆီယံက သူ့ကို ထိပ်သီးအစည်းအဝေးများသို့ ပြန်လည်လက်ခံခြင်းတို့သည် အာဆီယံကို ကမ္ဘာ့အဆင့်တွင် အရေးပါသော ဒေသတွင်းအဖွဲ့တစ်ခုအဖြစ် ဆက်ဆံလိုသည့် ကမ္ဘာ့ခေါင်းဆောင်များကို ဝေးကွာသွားစေနိုင်သည်။
မပြီးဆုံးပေ။ မင်းအောင်လှိုင်သည် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးများသို့ မြန်မာနိုင်ငံကို အပြည့်အဝ ပြန်လည်ပါဝင်ခွင့်ရရန်၊ မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ပြန်လည်ရရှိရန်၊ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကို ပြန်လည်ရရှိရန်နှင့် စစ်တပ်ထိန်းချုပ်သည့် ရွေးကောက်ပွဲများမှ ထွက်ပေါ်လာသည့် နိုင်ငံရေးစနစ်ကို နိုင်ငံတကာက လက်ခံအသိအမှတ်ပြုရန် ရည်ရွယ်နေသည်။
လက်ရှိ ထိုင်းအစိုးရသည် အကြမ်းဖက်မှုများ လျှော့ချရန်၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် သို့မဟုတ် အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန် ယုံကြည်စိတ်ချရသော ခြေလှမ်းများကို တောင်းဆိုခြင်းမရှိဘဲ မင်းအောင်လှိုင်၏ ထိုရည်မှန်းချက်များဆီသို့ ရှေ့ဆက်နိုင်အောင် ကူညီပေးနေသည်။
ထိုကြောင့် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံနှင့် လာမည့်နှစ်တွင် အာဆီယံဖွဲ့စည်းတည်ထောင်မှု နှစ် ၆၀ ပြည့်မြောက်မည့် စင်ကာပူနိုင်ငံအတွက် အခက်အခဲများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ပြန်လည်ထိတွေ့ဆက်ဆံခြင်းသည် နောက်ဆုံးတွင် မလွဲမရှောင်သာ ဖြစ်လာနိုင်သည်။
ကောင်းမွန်သော ရည်ရွယ်ချက်ရှိကြောင်း သက်သေပြရန် တာဝန်သည် မင်းအောင်လှိုင်ဘက်တွင် ရှိနေသင့်သည်။ သို့သော် ထိုင်းနိုင်ငံက ယင်းတာဝန်ကို ပြောင်းပြန်လှန်လိုက်ပြီး မင်းအောင်လှိုင်ကို ကြိုတင်အသိအမှတ်ပြုမှုက နောက်ပိုင်းတွင် အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်ရန် မရေမရာ ဖြစ်စေသည်။ ယင်းအခြေအနေသည် “ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” ထက် အချိန်မတန်မီ ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ခြင်းနှင့် ပို၍တူနေသည်။
မင်းအောင်လှိုင်သည် အာဆီယံ၏ Five-Point Consensus တွင် မိမိလက်မှတ်ရေးထိုးထားခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းသဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ပြီး ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း ပယ်ချခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲများကို လိုသလို ခြယ်လှယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပင် မိမိ၏ပုံရိပ်ကောင်း ပြန်လည်တည်ဆောက်ရန် အသုံးချခဲ့ပြီးနောက် ဘန်ကောက်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခု ဖြစ်ပေါ်ခဲ့သည့်အရာသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအတွက် ထိခိုက်နစ်နာစေသော လုပ်ရပ်ဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် မင်းအောင်လှိုင်သည် Five-Point Consensus ကို လိုက်နာခြင်းမရှိသရွေ့ ထိပ်တန်းအဆင့် ဆွေးနွေးပွဲများမှ ဖယ်ထုတ်ထားရန်နှင့် ဝေးကွာစွာ ဆက်ဆံရန် အာဆီယံ၏ မူဝါဒကို ဆက်လက်လိုက်နာသင့်သည်။ မင်းအောင်လှိုင်၏ အစိုးရကိုယ်တိုင်ကပင် Five-Point Consensus ကို ပယ်ချထားခြင်းဖြစ်သည်။
ထို့ကြောင့် ထိုင်းနိုင်ငံသည် ဤစစ်ခေါင်းဆောင်နှင့် အာဆီယံက သဘောတူထားသည့် မူဘောင်အတိုင်း တင်းတင်းကျပ်ကျပ်နှင့် တသမတ်တည်း ဆက်ဆံသင့်ပြီး နိုင်ငံရေးတရားဝင်မှု ပေးအပ်ခြင်းကို ရှောင်ကြဉ်သင့်သည်။
စာရေးသူ — သီတီနန် ပေါင်ဆူဒီရတ်၊ PhD
သီတီနန် ပေါင်ဆူဒီရတ်သည် ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနရှိ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေးဌာန၏ ပါမောက္ခနှင့် အကြီးတန်းသုတေသီတစ်ဦး ဖြစ်သည်။ ထို့အပြင် လန်ဒန်စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်း (LSE) ရှိ အရှေ့တောင်အာရှလေ့လာရေးစင်တာ၏ ပြင်ပတွဲဖက်သုတေသီတစ်ဦးလည်း ဖြစ်သည်။