ရှမ်းပြည်တောင်ပိုင်းမှာ မိုးရက်ဆက်ရွာ သွန်းမှုတွေကြောင့် ကလော၊ အောင်ပန်း၊ ဟိုပုံး၊ ရွှေညောင် စတဲ့ မြို့နယ် ၄ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေး ဆောင်ရွက်နေကြသူတွေက ပြောပါတယ်။
ကလောမြို့မှာ ဩဂုတ် ၉ ရက်နေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ကလောချောင်းရေ မြင့်တက်နေပြီး အနိမ့်ပိုင်း ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၂ နဲ့ ရပ်ကွက် ၄ အတွင်းကို ရေစတင်ဝင်ရောက်လာတာကြောင့် လူနေအိမ် အများစု ရွှေ့ပြောင်းနေကြပြီလို့ ဆိုပါတယ်။
ဒီနေ့ (ဩဂုတ် ၁၁) မနက်ပိုင်း အခြေအနေအရ ရေသိသိသာသာ ကျဆင်းသွားပေမယ့် မိုးမကုန်သေးတာကြောင့် တောင်ကျရေများ ဆက်လက်ကျဆင်းလာပြီး ချောင်းရေပြန်တက်လာနိုင်သေးတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။
“မနေ့ည ၅ နာရီနောက်ပိုင်း အထိ တက်နေတုန်းပဲ။ ညဦးပိုင်းကြတော့ နည်းနည်းလေး မသိမသာ ကျသွားတယ်။ ပြီးတော့ နည်းနည်း ပြန်တက်လာပြီး ဒီမနက်တော့ တော်တော်လေး ကျသွားပြီ။ ဒါပေမယ့် ဒါက ကျနော်တို့ အတွေ့အကြုံအရ ဒါက လုံးဝစိတ်ချရပြီ ပြောမရသေးဘူး။ ဒီညထပ်စောင့်ကြည့်ရမယ်” လို့ ပြောပါတယ်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အနောက်ရပ်ကွက်၊ ဆွမ်မီလမ်းပေါ်မှာလည်း ကားလမ်းရေကျော်နေပြီး ယာဉ်တွေသွားလာရ ခက်ခဲနေတယ်လို့ သိရပါတယ်။
အဲဒီလမ်းမှာ ရေကြီးတဲ့ပြဿနာကို နှစ်တိုင်းကြုံနေရတာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြထားပေမယ့် လက်ရှိကာလအထိ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရသေးဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“၁၀ နှစ်ကျော်ပြီ အမြဲဖြစ်နေတာပဲ။ တက်လာတဲ့ အမတ်တွေလည်း ဘာမလုပ်နိုင်ဘူး။ သူတို့ မဲလိုချင်တုန်းကတော့ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်နဲ့။ အခု နိုင်လည်းနိုင်ပြီးရော ပေါ်ကိုမလာဘူး။ PNO လည်း ဘာမှမလုပ်နိုင်ဘူး။ အားလုံး တူတူပဲ” လို့ ပြောပါတယ်။
အောင်ပန်းနဲ့ ရွှေညောင်မြို့မှာလည်း မိုးရက်ဆက်ရွာသွန်းမှုတွေကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေစတင်ဝင်ရောက်လာပြီး ကြိုတင်ရွှေ့ပြောင်းကြဖို့ လူမှုကူညီရေးအသင်းတွေက သတိပေး နှိုးဆော်ထားပါတယ်။
အလားတူ မနေ့ နေ့လည်ပိုင်းအချိန်ကလည်း တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နှင်းဆီလမ်း၊ နယ်မြေ ၁၀ မှာလည်း လူနေအိမ် အုတ်တံတိုင်း ပြိုကျခဲ့ပြီး ဖီးဖိုချောင် အတွင်းပိုင်း ပစ္စည်းတွေ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စံချိန်တင်ရေကြီးမှုကြောင့် လူ ၂၀ နီးပါး သေဆုံးခဲ့ပြီး လူနေအိမ် ၁၀၀ ကျော် ရေမြုပ်ပျက်စီးခဲ့တာကြောင့် လက်ရှိ ရေထပ်ကြီးလာမှာကို ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြပါတယ်။
ရှမ်းပြည်ရှိ မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေကြပြီး ဒေသခံတွေ အနေနဲ့ မိုးလေဝါသသတင်း အချိန်ပြည့် နားစွင့်ထားဖို့နဲ့ လိုအပ်တဲ့ ကယ်ဆယ်ရေး အစီစဉ်တွေ ပြင်ဆင်ထားကြဖို့ လူမှုကူညီရေး အသင်းဝင်တွေက သတိပေးထားပါတယ်။