ဇွန်၊ ၉၊ ၂၀၂၆
မကွေးတိုင်း၊ မြစ်ခြေမြို့က ရွာပေါင်း ၃၇ ရွာကို အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့မေလဆန်းပိုင်းက စစ် ကြောင်းထိုးပြီး အိမ်အလုံးပေါင်းတထောင်ကျော်မီးရှို့ခဲ့လို့ ဒေသခံနှစ်သောင်းနီးပါးတို့ နေထိုင်စားဟာ သောက်ရေး အခက်အခဲဖြစ်နေကြရပါတယ်။
နေစရာမရှိတော့သလို၊ ပိုင်ဆိုင်တာအားလုံးလည်းမရှိတော့တာမို့ အခုဆိုရင် ရက်ပေါင်း ၂၀ ကျော်ကြာ လာတဲ့အထိ အခက်အခဲကြုံနေရကာ အရေးပေါ်ကူညီပေးကြဖို့တောင်းဆိုတယ်လို့ ဒေသခံတွေနဲ့ စစ် ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးက မြစ်ခြေမြို့ပေါ်က ရပ်ကွက်တွေအပါအဝင် ရွာပေါင်း ၃၇ ရွာတို့ကို ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) နဲ့ ညောင်ဦးမြို့အခြေစိုက် (ခလရ – ၄၁၅) တပ်တွေက ခန့်မှန်းအင်အား ၅၀၀ နဲ့ စစ်ကြောင်းထိုးခဲ့တာပါ။
“ရွာပေါင်း (၃၇) ရွာက လူဦးရေ စုစုပေါင်း (၁၉၁၀၀) တို့ကို နေရာ ၁၂ နေရာမှာ ထားပါတယ်၊ ဆန်၊ ဆီ တွေဝေပေးနေပါတယ်၊ တရက်ကို ဆန်အိတ် (၄၀)၊ ဆီ (၃၆) ပိသာနဲ့ အခြားချက်စရာအစုံ ပေးထားရပါ တယ်” လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ကိုနဂါးလေး က ပြောပါတယ်။
ညောင်ပင်၊ ဥယျာဉ်၊ မိုးနတ်ကုန်း၊ ထန်းတောချောက်၊ ကျီးပင်ခုံ၊ ရှားတော၊ အင်းဝိုင်း၊ လက်ပံပင်စု၊ လုံးပို့၊ သဖန်းပင်၊ စတဲ့ ရွာပေါင်း ၃၇ ရွာက လူဦးရေ ၁၉၁၀၀ တို့ဟာ စစ်ဘေးရှောင်နေကြရပြီး ရွာလုံးကျွတ်မီး ရှို့ခံထားရတဲ့အတွက် နေစရာအိမ်တွေမရှိကြတော့ဘူးလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့လက်ချက်ကြောင့် ဒေသခံ ၄၀ ကျော်တို့ အသတ်ခံလိုက်ရသလို နှစ်သောင်းနီးပါး ရှိတဲ့ စစ်ဘေးရှောင်တွေဟာ တောတောင်တွေထဲ ဖြစ်သလိုနေကြရတယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ပြောခွင့်ရသူ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
“မြစ်ခြေကိုထိုးလာတဲ့စစ်ကြောင်းဟာလေ ရက်ရက်စက်စက်ကြီးကိုလုပ်တာ၊ တော်တော်ကြီးကို လူမ ဆန်စွာသတ်ဖြတ်မှုတွေအပါအဝင် ရွာလုံးကျွတ်မီးရှို့တာတွေလုပ်တာဆိုတော့ ရွာထဲပြန်နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး၊ စစ်ရှောင်တွေဆိုတော့ ထုံးစံအတိုင်း အမိုးလုံအကာလုံကလည်းမရှိဘူးလေ၊ ကျွန်တော်တို့ဖက်မှာ မိုးတွေကဆက်တိုက်ကိုရွာနေတဲ့အခါကျတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရော ဒါတွေအရေးတကြီးလိုအပ်နေပါတယ်ဗျ။”
မကွေးတိုင်းထဲကို အရင်ကာချုပ် မင်းအောင်လှိုင်လက်ထက်ကတည်းက ဖြတ်လေးဖြတ်တွေလုပ်ခဲ့ပြီး အခုလက်ရှိ ကာချုပ် ရဲဝင်းဦးလက်ထက်မှာလည်း ဖြတ်လေးဖြတ်တွေကို ထပ်တိုးပြီးဆက်တိုက်လုပ်နေ တယ်လို့လည်း ပြောပါတယ်။
မြစ်ခြေ၊ ပေါက်၊ ဆိပ်ဖြူ နဲ့ မြိုင် စတဲ့မြို့နယ်တွေဟာ တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေဆိုပြီး အကြမ်းဖက်စစ်တပ်က မြေပြင်ကနေထိုးစစ်နဲ့ လေကြောင်းကနေတိုက်ခိုက်နေသလို စားနပ်ရိက္ခာတွေ လည်း ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
ဒေသခံတွေဟာ နေထိုင်စားသောက်ရေးခက်ခဲနေကြရသလို အိမ်တွေလည်းမီးရှို့ခံလိုက်ရတဲ့အတွက် ပြန် စရာမရှိတော့တဲ့စိတ်ဒုက္ခတွေ၊ မိသားစုဝင်တွေ အသတ်ခံလိုက်ရလို့ ပူလောင်ရတဲ့စိတ်ဒုက္ခတွေအတွက် ကုစားပေးဖို့လိုအပ်တယ်လို့လည်း သုံးသပ်ပြောကြပါတယ်။
မြစ်ခြေမြို့က ရွာပေါင်း ၃၇ ရွာ မီးရှို့ခံခဲ့ရလို့ နှစ်သောင်းနီးပါးရှိတဲ့ဒေသခံတွေ အခက်အခဲကြုံနေရ