ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ နှင်းဆီလှုပ်ရှားမှုကို နိုင်ငံလုံးကျွတ်ဆင်နွှဲဖို့နဲ့အတူ အစာငတ်ခံ ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း

ဇွန် ၁၃၊ ၂၀၂၆
အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ဇွန်လ ၁၉ ရက်နေ့မှာ နိုင်ငံ လုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးအနေနဲ့ နှင်းဆီလှုပ်ရှားမှု “ROSE Movement: Roses of Hope” ကို ပြည် လုံးကျွတ်ပူးပေါင်းပါဝင်ကြဖို့ People Movement Platform က တိုက်တွန်းလိုက်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ ကိုယ့်ဒေသရဲ့လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး နှင်းဆီပန်း (သို့မဟုတ်) အခြား ပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန် ဝေငှတာတွေလုပ်ပြီး Social Media မှာ တင်ပြီးပါဝင်လို့ရသလို မြေပြင်သပိတ်လှုပ်ရှားမှုအနေနဲ့ နှင်းဆီပန်းတွေကိုင်ဆောင်ပြီး ပါဝင်ပေးကြပါလို့ တိုက်တွန်းထားပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာ သက်သေပြပေးဖို့အတွက် အစာငတ်ခံတောင်းဆိုတဲ့ဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပမှာဖြစ်ပြီး နိုင်ငံတကာနဲ့ မြန်မာ ပြည်တွင်းကပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့အတွက် Proof of Life campaign ကလည်း တိုက် တွန်းထားပါတယ်။
အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားပြီး မိသားစုနဲ့တွေ့ခွင့်မပေးသ လို ပြင်ပကမ္ဘာနဲ့ပါ အဆက်အသွယ်ဖြတ်တောက်ခံထားရတာ ၅ နှစ်ကျော်ရှိနေပြီဖြစ်လို့ အသက်ရှင်နေ သေးပါရဲ့လားဆိုတာ စိုးရိမ်နေကြတာပါ။
လန်ဒန်မြို့ရောက် မြန်မာပြည်သားတွေက ဇွန်လ ၁၈ ရက်နေ့ ညနေ ၃ နာရီကနေ ဇွန်လ ၁၉ ရက်နေ့ ည နေ ၃ နာရီအထိ လန်ဒန်မြို့မှာရှိတဲ့ စစ်ကောင်စီသံရုံးရှေ့မှာ ၂၄ နာရီကြာ အစာငတ်ခံဆန္ဒပြပွဲ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။
အစာငတ်ခံဆန္ဒပြပွဲမှာ ပါဝင်လိုသူတွေရော၊ ကျန်းမာရေးကြောင့်အစာငတ်ခံမပါဝင်နိုင်ပေမယ့် လူကိုယ် တိုင် လာရောက်ဝန်းရံပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
အစာငတ်ခံဆန္ဒပြဖို့ စီစဉ်ထားသလိုပဲ ၈၁ ကီလိုမီတာ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ပြေးတာ အစရှိ တဲ့ လှုပ်ရှားမှုတွေကိုလည်း ပြည်တွင်းနဲ့နိုင်ငံတကာရောက် မြန်မာပြည်သားတွေက ပူးပေါင်းပါဝင်ပေးနေ ကြပါတယ်။
“အန်တီ့ကို ချစ်ခင်ကြတဲ့၊ ကမ္ဘာအရပ်ရပ်က ပြည်သူတွေက၊ ကိုယ်လုပ်ဆောင်နိုင်ကြတဲ့ အခန်းကဏ္ဍ အသီးသီးကနေပြီး အန်တီ မတရားဖမ်းဆီးခံနေရာကနေလွတ်မြောက်ပြီး သက်ရှည်ကျန်းမာစွာနဲ့ အန်တီ့ ဆန္ဒတွေ အကောင်ထည်ဖော်နိုဖို့ရည်ရွယ်ပြီး မေတ္တာပြလုပ်ဆောင်ကြတာပေါ့နော်၊ ကျွန်တော့်အနေနဲ့ လည်း အန်တီရဲ့ အသက် ၈၁ ပြည့်အထိမ်းအမှတ်ကိုရည်စူးပြီး ၈၁ ကီလိုမီတာ စက်ဘီးနင်းပြီးတော့ မေတ္တာပြတာပါခင်ဗျ။” လို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၈၁ ကီလိုမီတာစက်ဘီးစီးနင်းခဲ့တဲ့ ဘားအံမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့က ဦးမြင့်အောင် က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းကလည်း သူ့မိခင် အသက်ရှင်နေသေးတယ်ဆိုတာ သက်သေပြခိုင်းတဲ့အနေနဲ့ Global Proof Of Life Challenge အဖြစ် 81 for 81 ကမ်ပိန်းကိုလည်း နိုင်ငံ တကာရောက် မြန်မာပြည်သားတွေ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *