ကရင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဈေးပေါလာပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရောင်း၊ ဝယ်၊ သုံးစွဲမှုမြင့်လာနေ

‌‌‌‌‌‌‌‌ဇွန် ၁၃၊ ၂၀၂၆

ကရင်ပြည်နယ် ဖားအံ၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး‌‌မြို့နယ်တွေထဲမှာ
စိတ်ကြွဆေးပြား(Methamphetamine)ခေါ် (မြင်းဆေး)မူးယစ်ဆေးပြားတွေ ဈေးပေါလာပြီး ရောင်းသူများလာတာကြောင့် ဝယ်ယူသုံးစွဲသူတွေ မြင့်တက်လာနေတယ်လို့ ဒေသမြို့ရွာတွေက သတင်းအရင်းအမြစ်တွေကို ဆက်သွယ်မေးမြန်းရာက သိရပါတယ်။

လတ်တလော ကော့ကရိတ်၊ ကျုံဒိုး၊ နဘူးဒေသဘက်က သတင်းအရင်းအမြစ်တွေကို မူးယစ်ဆေးဝါး ပြန့်နှံ့လာနေတဲ့ အခြေအနေကို မေးမြန်းကြည့်ရာမှာတော့
” ကျုံဒိုး၊ နဘူးတစ်ကျောမှာက လက်နက်ကိုင်အုပ်စု တွေက ဖြန့်နေတာ၊ ‌ရောင်းနေတာတွေ ဈေးပေါချက်က တစ်လုံးအများဈေးနဲ့ဆို ၅၀၀ ကျပ်လောက်ဘဲရှိတယ်၊ အမျိုးအစားကောင်းရင် ၈၀၀၊ ၁၀၀၀ထောင်ပေါ့နော်၊ လူတိုင်းမြင်းရှုနေကြတာမျိုးဖြစ်နေတယ်၊ သူတို့ရောင်းတယ် ၊ သူတို့ဘဲဆေးသုံးတဲ့လူကို ပြန်ဖမ်းတယ်၊ ငွေညှစ်ပြီးပြန်ရွေးခိုင်းတယ်ဆိုတာမျိုး ခဏခဏဖြစ်နေပြီ” လို့ ကျုံဒိုး၊‌ ချောင်းဖျားရွာဒေသခံက PRMကို ပြောပါတယ်။

အဲဒီလို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသူအများစုမှာ စစ်အုပ်စုနှင့်အပစ်ရပ်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းက တပ်ဖွဲဝင်အချို့ကို ကျောထောက်နောက်ခံပြုပြီး ဖွင့်ထားတဲ့ ဂိမ်းရုံ၊ အာဝါဒေးပွဲခင်း၊ ကုန်စုံဆိုင်နှင့် ဘီယာအရက်ဆိုင်တွေမှာ ရောင်းချနေသလို၊ ဆိုင်ကယ်၊ ကားနဲ့ လည်း လိုက်ပို့ပြီး ရောင်းချသူတွေရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီ၊ ဖားအံ မြို့များဘက်မှာတော့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းခွင့်ပြုချက်မဲ့ နိုက်ကလပ်၊ အရက်ဘား၊ KTVဆိုင်၊ လိုင်စင်မဲ့ အရက်ဆိုင်၊ စား‌သောက်ဆိုင်တွေကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းဝင်တွေ အကျင့်ပျက်စီးပွားရေးလုပ်ငန်းရှင်တွေ၊ စစ်တပ်ဌာနဆိုင်ရာဝန်ထမ်းနဲ့ စစ်အုပ်စုအရာရှိတွေ အကျိုးတူပူးပေါင်းပြီး ဥပဒေမဲ့စီးပွား ရေးလုပ်ကြတဲ့နေရာတွေများလာတယ်လို့ သိရပါတယ်။

အဲဒိနေရာတွေ ဆိုင်တွေမှာ မူးယစ်ဆေးဝါးရောင်းတာနဲ့ သုံးစွဲတာကိုပါခွင့်ပြုပေးထားပြီး ဆိုင်ဝန်ထမ်း တွေအပါအဝင် ဆိုင်ရှင်တွေ၊ စစ်အုပ်စုအရာရှိတွေ
သောက်စားမူးယစ်ပြီး မူးယစ်ဆေးသုံးစွဲကြတာမျိုးရှိနေတဲ့နေရာတွေများလာနေတာလို့ မြို့ခံသတင်း အရင်းအမြစ်တွေက ပြောပါတယ်။

” မြဝတီ၊ ဖားအံကစစ်တပ်ပိုင်း၊ လက်နက်ကိုင်အဖွဲ့ပိုင်းက ကြိုက်တာလုပ်ခွင့်ရနေတာဆိုတော့ ကလပ် တွေ၊ ဘားတွေဖွင့်တာများလာတယ်၊ သောက်ကြစားကြတဲ့ အုပ်စုတွေကလည်း စစ်တပ်နဲ့ပတ်သက်တဲ့ အုပ်စုတွေဘဲ၊ မူးယစ်ဆေး၊ ဟိုင်ခန်း၊ ဆက်ရှင်ခန်း တွေလည်းမူးယစ်ဆေးရာဘ၊ E တွေ K တွေလည်း ဟိုင်းလို့ရနေတယ်၊ ဘယ်ဆိုင်ကြည့်ကြည့်စစ်တပ်တို့ ဌာနဆိုင်ရာတို့ နယ်ထိန်းတို့၊ အုပ်ကြီးတို့ ရှယ်ယာပါနေတဲ့ဆိုင်တွေချည်းဘဲဖြစ်နေတယ်” လို့ မြဝတီမြို့ခံက ပြောပါတယ်။

လတ်တလော အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲလုပ်ပြီး အာဏာရယူအုပ်ချုပ်တဲ့ ရက်တစ်ရာစီမံချက်ကာလအတွင်းမှာတော့ မြို့ပျက်ရွာပျက်တိုက်ပွဲဖြစ်နေတဲ့ မြို့ရွာတွေမှာ မှတ်ပုံတင်ကဒ်လုပ်ပေးတဲ့ လူထုစည်းရုံးရေးအလုပ်ကိုသာဟန်ပြလုပ်ပြနေပြီး ဒုစရိုက်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကိုတော့ လစ်လျူရှု့ခွင့်ပြုပေးထားကြောင်း သိရပါတယ်။

အခုလို ကရင်ပြည်နယ်ထဲ မူးယစ်ဆေးဝါးဈေးပေါပြီး ရောင်းဝယ်သုံးစွဲသူတွေများပြားလာတဲ့ အခြေအနေမှာ စစ်အာဏာရှင်တော်လှန်နေကြတဲ့ တော်လှန်ရေးနယ်မြေဘက်တွေအထိပါ ဆက်စပ်ပြန့် နှံလာနေတဲ့အတွက် KNU/KNLA တပ်မဟာထိန်းချုပ်နယ်မြေအတွင်းအထိအရောင်းအဝယ်နဲ့သုံးစွဲ သူများရှိလာနေတယ်လို့ အခြေအနေသိတဲ့သတင်းအရင်းအမြစ်တွေက PRM ကိုပြောပါတယ်။

” အခုဘုရားသုံးဆူဘက်မှာဆိုရင်ရာဘမြင်းဆေးက တစ်လုံးကို ကောင်းရင် ကောင်းသလို ဘတ် ၅၀ က နေ ၆၀/၇၀/၈၀ ဘတ်အထိရှိတယ်၊ အဲ့ဘက်က လက်နက်ကိုင်တွေဘဲရောင်းနေသုံးနေကြတာမျိုးရှိတယ်၊အရပ်သားတွေလည်းဆေးသုံးကြတာများလာတယ်၊ တော်လှန်ရေးဘက်ကတစ်ချို့လည်း ဆေးသုံးတာမျိုးတွေရှိနေတယ် ” လို့ ဘုရားသုံးဆူကဒေသခံကပြောပါတယ်။

ဒါအပြင် မြဝတီမြို့၊ ဖားအံမြို့ဘက်က နိုက်ကလပ်၊ KTVနဲ့ အရက်ဘားဆိုင်များက မူးယစ်ဆေးသုံးတဲ့ဟိုင်ခန်းတွေမှာ E မူးယစ်ဆေး၊ K မူးယစ်ဆေးနဲ့ ICE (ရေခဲ) မူးယစ်ဆေးများကို တစ်ခါသုံး‌ဆေးတစ်ဗန်းဈေးနုန်းမှာ ဘတ်ငွေ ၅၀၀၀ဘတ်မှ ၈၀၀၀ / ၁၀၀၀၀ဘတ်အထိ သုံးစွဲသူလူဦးရေ ပေါ်မူတည်ပြီး ရောင်းဈေးရှိတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *