စိတ်ကျရောဂါခံစားရဖူးကြောင်း ဝန်ခံခဲ့ဖူးတဲ့ လီဗာပူးကစားသမားသစ်

⁨By – Lin Kha
လီဗာပူးအသင်းဟာ ကိုနာတေးထွက်ခွာသွားပြီးနောက် လိုအပ်နေတဲ့ ခံစစ်နေရာအတွက် ဘာစီလိုနာအသင်းခေါင်းဆောင် အာရူဟိုကို အငှားနဲ့ခေါ်ယူလိုက်ပါတယ်။
အသက် (၂၇) နှစ်အရွယ် အာရူဟို ဟာ နောက်ခံအတွင်းလူနေရာသာမက ညာနောက်ခံလူနေရာမှာပါ ကစားနိုင်တာကြောင့် ရာသီကြိုခြေစမ်းပွဲ မှာဒဏ်ရာ ရသွားတဲ့ ဂျိုးဂိုးမက်စ်နေရာ အကောင်းဆုံး အားဖြည့်မှုလို့ လီဗာပူးက ယူဆနေပါတယ်။
လီဗာပူးအသင်းဆီပြောင်းရွှေ့နိုင်ခဲ့တာနဲ့ပတ်သတ်ပြီး အာရူဟိုက ” သမိုင်းကြောင်းကြီးမားတဲ့ ကလပ်အသင်းကိုပြောင်းရွှေ့ခွင့်ရခဲ့လို့ အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ အသင်းဖော်တွေနဲ့တွေ့ဆုံပြီ အသင်းအတွက်ကစားပေးရမဲ့အချိန်ကိုမစောင့်နိုင်တော့ပါဘူး။ ကျွန်တော့်အတွက် တကယ့်ကိုလိုအပ်တဲ့ပြောင်းရွှေ့မှုတစ်ခုဖြစ်လို့ လီဗာပူးကစိတ်ဝင်စားတယ်ဆိုတာနဲ့ အပြောင်းအရွှေ့က ချက်ချင်းဖြစ်ခဲ့ပါတယ်။” ဆိုပြီးဖြေကြားသွားပါတယ်။
အာရူဟိုဟာ ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင်ဖြစ်ပေမဲ့ မကြာခဏ အမှားအယွင်းလုပ်တတ်တာကြောင့် ဘာစီလိုနာဖန်တွေရဲ့ဝေဖန်မှုတွေကို ခံရလေ့ရှိသူဖြစ်ပြီ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဒ်ပွဲစဉ်ဖြစ်တဲ့ ချယ်ဆီးနဲ့ ဘာစီလိုနာပွဲစဉ်မှာ ပထမပိုင်း ၄၄ မိနစ်ကတည်းက အာရူဟိုအနီကဒ် ထိခဲ့ပါတယ်။
အဆိုပါအနီကဒ်ကြောင့် ဒုတိယတစ်ပိုင်းလုံးကို ဘာစီလိုနာဟာ တစ်ယောက်လျော့နဲ့ကစားခဲ့ရပြီး ၃-၀ ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်က ဘာစီလိုနာ နဲ့ PSG ပွဲစဉ်မှာလည်းအာရူဟိုရဲ့ အလားတူအမှားကြောင့် ဘာစီလိုနာတို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ဖူးတာကြောင့် ချယ်ဆီးနဲ့ပွဲအပြီးမှာ အသင်းဖန်တွေရဲ့ ဝေဖန်တိုက်ခိုက်မှုကို အာရူဟိုအလူးအလဲ ခံခဲ့ရပါတယ်။
ဝေဖန်သံတွေကြောင့် အာရူဟို စိတ်ကျရောဂါရခဲ့ပြီး ၂၀၂၅ နိုဝင်ဘာလကုန်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ၂လ အနားယူခဲ့ရပါတယ်။ အနားယူပြီပြန်လာခဲ့တဲ့နောက်မှာ အာရူဟိုကသူဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ တို့ကို ၁ နှစ်ခွဲကျော်ကြာခံစားနေရကြောင်း မီဒီယာတွေကို ဖွင့်ဟဝန်ခံခဲ့ပါတယ်။
အနားယူပြီ ပြန်လာတဲ့နောက်မှာ အရံကစားသမားအနေနဲ့ ပွဲအများစုကိုကစားခဲ့ရပြီ ဒီနှစ်ရာသီမှာတော့ ၁ ရာသီအငှား အပါအဝင် ခြေစွမ်းကိုသဘောကျပါက လီဗာပူးအနေနဲ့အပြီးသတ်ခေါ်ယူခွင့်ပါ ပါရှိမည်ဖြစ်ပါတယ်။ အာရူဟို တစ်ယောက် စိတ်သစ် လူသစ်နဲ့အသင်းသစ်မှာ ခြေစွမ်းပြန်လည် ပြသနိုင်ဖို့ တောင်းဆုပြုမိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *