တာ့ခ်ခရိုင် မဲဆောက်မြို့တော် စည်ပင်သာယာရေးအဖွဲ့က NEXT လျှပ်စစ်ဘတ်စ်ကား (EV Bus) ကို မြို့တွင်းနဲ့ အနီးဝန်းကျင် ရပ်ကွက်ဒေသများတွင် စမ်းသပ်ပြေးဆွဲခဲ့ပြီး မဲဆောက်ဒေသတွင်းက
စာသင်ကျောင်းတွေရဲ့ကျောင်းသား၊ ကျောင်းသူကြိုပို့ပေးတဲ့ ကျောင်းကားအဖြစ် အသုံးပြုနိုင်ဖို့ စီစဉ်နေတယ်လို့ ဩဂုတ်လ ၁၁နေ့လည်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။
လတ်တလော စမ်းသပ်ပြေးဆွဲမှုအတွင်း EVလျှပ်စစ်ဘတ်စ်ကားရဲ့ စွမ်းဆောင်ရည်၊ လမ်းကြောင်းအလိုက် ပြေးဆွဲနိုင်မှုနဲ့ လက်တွေ့အသုံးပြုဖို့ သင့်လျော်မှုတို့ကို မဲဆောက်အုပ်ချုပ် ရေးအာဏာပိုင်အဖွဲ့တွေ ကိုယ်တိုင်လိုက်ပါစီးနှင်းပြီး စစ်ဆေးအကဲဖြတ်ခဲ့ကြတာပါ။
အဲ့ဒီမြို့ပတ်စမ်းသပ်စီးနှင်းကြည့်ရှု့ ခဲ့တဲ့ မဲဆောက်မြို့တော်ဝန် ကွန်လ် ခရူးအီရာက ” မြို့အတွင်း လူဦးရေ တိုးပွားလာမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချရန်၊ လေထုညစ်ညမ်းမှုနှင့် PM2.5 ပြဿနာကို လျှော့ချရန်အတွက် လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးစနစ်ကို မြှင့်တင်သွားမယ်လို့ ပြောပါတယ်။
လက်ရှိစမ်းသပ်မှုရလဒ်များအပေါ် မူတည်ပြီး လျှပ်စစ်ဘတ်စ်ကားများ ဝယ်ယူအသုံးပြုနိုင်ရေး ဘတ်ဂျက်ရေးဆွဲခြင်းနဲ့ ခွင့်ပြုချက် သက်ဆိုင်ရာ ဗဟိုအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အခုလို မဲဆောက်မြို့ရဲ့ EVလျှပ်စစ်ဘတ်စ်ကား စီမံကိန်းကို ယာဉ်ကြောပိတ်ဆို့မှုနဲ့ လေထုညစ်ညမ်းမှု လျှော့ချရေးအပြင် မဲဆောက်မြို့ကို သန့်ရှင်းသောစွမ်းအင်အသုံးပြုသည့် Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားခြင်းဖြစ်တယ်လို့ မဲဆောက်အာဏာပိုင်တွေ ပြောဆိုချက်အရ သိရပါတယ်။