ဇွန် ၆၊ ၂၀၂၆
မဲဆောက်ဒေသအတွင်းကနေ အခြားမြို့တွေကို ခရီးသွားလာဖို့ ထိုင်းအာဏာပိုင်ရုံးကနေTM30 ဧည့်စာရင်းလက်မှတ်လုပ်ရာမှာ တစ်စောင်ကို ဘတ် ၆၀၀ ကနေ ဘတ်၁၂၀၀၀အထိ ပန်းရောင်ဘတ်(အလုပ်သမားလက်မှတ်) ဧဂျင့်ပွဲစားတွေ အကြားဈေးပေါက်နေတဲ့အတွက် ရွေ့ပြောင်းမြန်မာတွေ ထိုင်းနိုင်ငံထဲခရီးသွားဖို့ ခက်ခဲနေတယ်လို့ ရွေ့ပြောင်းမြန်မာအလုပ်သမား အရေးအကူအညီပေးသူတွေနဲ့ ခရီးသွားရာမှာ အခက်အခဲကြုံသူတွေက ပြောပါတယ်။
ယခု မေလ ၁၅ရက် နောက်ပိုင်းကစပြီး တာခ့်ခရိုင် စစ်ဆေးရေးဂိတ်တွေမှာမဲဆောက်ကနေ တာခ်ခရိုင် ကျော်လွန်ပြီး ခရီးသွားသူတွေရဲ့ ဧည့်စာရင်းစာရွက် TM30ကို စစ်ဆေးတဲ့အတွက်ခရီးသွားမယ့်သူ တွေမဖြစ်မနေလုပ်ရပြီး သူဌေးနာမည်အဌား နဲ့
အာမခံပေးတဲ့ ပွဲစားဧဂျင့်တွေက လက်မှတ်လျှောက်ပေးရတဲ့ စရိတ်ဈေးကြီးတာကြောင့် ခရီးသွားဖို့ကုန်ကျစရိတ်ပိုများလာတယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။
” TM30က စစ်ဆေးနေတာကြာပြီ၊ အခုတစ်လောမှာက တစ်ခါလုပ်ရင်လူအများနဲ့ဆို တစ်စောင်ဘတ်၆၀၀ ၊ တစ်ယောက်ချင်းဆိုဘတ် ၁၂၀၀ဖြစ်နေပြီ၊ ပြီးတော့ခရီးသွားမယ့် လူကိုယ်တိုင်ကိုယ့်အထောက်အထားပြပြီး သွားလုပ်လို့မရဘူး၊ သူဌေးအဌားနဲ့ဘတ်လုပ်ထား၊ Ci လုပ်ထားတဲ့သူတွေဆိုတော့ သူဌေးမလိုက်ပေးတဲ့အပေါ် ဘတ်ရိုက်ပေးတဲ့ ပွဲစားဧဂျင့်နဲ့လုပ်ရတယ်၊ အဲ့ဒိတော့ခရီးသွားကားခထက်၊ ဧည့်စာရင်းစာရွက်ခပိုကုန်သလိုဖြစ်လာတယ်” လို့ အမည်မဖော်လိုသည့်ရွေ့ပြောင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။
ဒါ့အပြင် TM30ဧည့်စာရင်းစာရွက်မပါဘဲ ခရီးသွားတဲ့ မြန်မာနိုင်ငံသားတွေနေ့စဉ် တာခ်ခရိုင်လမ်းမ ပေါ်က ထိုင်းအာဏာပိုင်စစ်ဆေးရေးဂိတ်မှာတင် လူရာချီခရီးဆက်သွားခွင့်တားမြစ်ခံနေရတဲ့ အခြေအနေဆက်ရှိနေပြီး မဲဆောက်မြို့ကိုပြန်သွားပြီး TM30ဧည့်စာရင်းစာရွက် ပြန်ထုတ်ယူပြသနိုင်မှသာ မဲဆောက်ကနေနယ်ကျော်သို့ ခရီးသွားခွင့်ရနေတာပါ။
“မဲဆောက်ကနေ ဘန်ကောက်ချင်းမိုင်သွားမယ်ဆိုရင် ကားရောလေယာဉ်နဲ့ရော အရင်က ရက်၉၀ နေ့ထိုင်ခွင့်စာရွက်ရှိရင်သွားလို့ရတယ်၊ အခုကTM30မပါလို့ မဲဆောက်ပြန်လှည့်ပြီး ပြန်လုပ်ရတယ်၊
မဲဆောက်မှာနေတဲ့အိမ်၊ တန်းလျှား၊ တည်းခိုခန်းရဲ့ ဧည့်စာရင်းစာရွက် TM30ပါ ထပ်စစ်လာတယ်ဆို တော့ မိသားစုလိုက်TM30 ဖိုးက တစ်ယောက်တစ်စောင်ဆိုရင်ငွေကမနည်းကုန်ပြီလေ” ဟု မဲဆောက် နေထိုင်သူတစ်ဦးက ပြောပါတယ်။
အဲဒီလို TM 30ဧည့်စာရင်း စာရွက်နဲ့ ခရီးသွားချိန်မှာ တာခ့်ခရိုင် (ဟွေးရားအူး)အဖွဲ့စုံစစ်ဆေးရေးဂိတ်က မဲဆောက်မှာ နေထိုင်သူတွေကိုTM30စာရွက်ကို ဖြုတ်ယူသိမ်းဆည်းလိုက်ပြီး မှတ်တမ်းသိမ်းထားကြောင်း၊ တစ်ခြားမြို့ရွာများမှ မဲဆောက်လာရောက်သူများအနေဖြင့် TM30 ဧည့်စာရင်းစာရွက်ကို နေထိုင်တည်းခိုရာ နေရာကထောက်ခံချက် ဧည့်စာရင်းTM30အသစ်ပြုလုပ်ပြီးမှသာ မဲဆောက်ကိုဝင်/ထွက်နေထိုင်လို့ရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
အခုလိုထိုင်းနိုင်ငံထဲ နေထိုင်ခွင့်၊အလုပ်လုပ်ခွင့်အထောက်အထားအပြင်၊ ဧည့်စာရင်းပါပြနိုင်မှ နယ်ကျော်ခရီးသွားခွင့်ပြုတဲ့အခြေအနေကြောင့် မြန်မာရွေ့ပြောင်းနေထိုင်သူတွေ နယ်ပြောင်း၊ အလုပ်နေရာပြောင်းတာနဲ့ အလည်အပတ်ခရီးသွားလာဖို့အတွက်TM30 ဧည့်စာရင်းလက်မှတ်ခအပေါ် ပွဲစားဧဂျင့်တွေဈေးအမျိုးမျိုးတောင်းယူနေကြတာလို့သိရပါတယ်။