Photos
Photos
Photos
Photos
မွန်ပြည်နယ်မှာ စက်သုံးဆီအရောင်းဆိုင်တွေ ထပ်မံအရေးယူခံနေရ
By – သူတိုးစံ
Date – April 1 , 2026
တရားမဝင်စက်သုံးဆီရောင်းချနေတဲ့ စွပ်စွဲချက်နဲ့ မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူ တွေကို စစ်ကောင်စီက အရေးယူမှုတွေ ထပ်မံ ပြုလုပ်နေတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
စက်သုံးဆီတွေကို အကန့်အသတ်နဲ့ ရောင်းချဖို့ ညွှန်ကြားထားပေမဲ့ အချို့သော ဆိုင်တွေက ပေပါအလိုက်၊ ပုံးအလိုက် ရောင်းချခဲ့တဲ့အပြင် ခွင့်ပြုချက်မရှိဘဲ တခြားနယ်ဘက်ကို ရောင်းချနေတာကို စစ်ဆေးတွေ့ရှိခဲ့ တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒါကြောင့် မွန်ပြည်နယ်အတွင်း မင်းသန့်၊ စွမ်းမြန်မာ၊ Parent Love 1 ၊ Puma Power ၊ စက်သုံးဆီအရောင်း ဆိုင်ပိုင်ရှင်၊ မန်နေဂျာဖြစ်သူအပါအဝင် စုစုပေါင်း ၇ ဦးကို မတ်လ တတိယအပတ်ထဲမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
လက်ရှိ ရာဇာမင်း၊ K.S ၊ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်တွေအပြင် တနိုင်တပိုင်ဖွင့်လှစ်ထားတဲ့ အရောင်းဆိုင်အချို့ကို လည်း စစ်ဆေးနေတယ်လို့ ပြည်နယ်စစ်ကောင်စီအစိုးရအဖွဲ့နဲ့ နီးစပ်သူတဦးက PRM ကို ပြောပါတယ်။
“ဟို ၇ ယောက်က အမှုဖွင့်ထားပြီးပေါ့၊ အခုက ထပ်အရေးယူတဲ့အပိုင်းတော့ ရှိနေတယ်၊ အများကြီး ပေပါ၊ ပုံးအလိုက် ရောင်းချနေတာ၊ ခွင့်ပြုချက်မရှိဘဲ ရောင်းလို့မရသေးဘူး၊ ပြီးတော့ ကရင်ပြည်နယ်ဘက်ကို ရောင်းထားတာ တွေ့ရတယ်ပေါ့နော် အဲဒါကြောင့် ထပ်ပြီး စစ်ဆေးနေတာပါ။ ဆိုင်ငယ်တွေလည်း အများကြီး ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတဝှမ်းမှာ စက်သုံးဆီအရောင်း ၁၇ ဆိုင်ကို အရေးယူထားပြီး မွန်ပြည်နယ်မှ စက်သုံးဆီ အရောင်းဆိုင် လေးဆိုင် ပါဝင်တယ်လို့ ဆိုပါတယ်။
စက်သုံးဆီပြတ်လပ်မှု ရှိနေတဲ့ကာလအတွင်း ဈေးတင်ရောင်းတာ၊ တရားမဝင်ရောင်းချတာ၊ Scan မဖတ်ဘဲ ရောင်းချနေတာနဲ့ စက်သုံးဆီအလုံအလောက်ရှိပြီး ဆိုင်ပိတ်ထားပါက မည်သူမဆို တိုင်ကြားနိုင်တယ်လို့ စစ်ကောင်စီက အသိပေးထားပါတယ်။
အဲဒီစည်းကမ်းကို လိုက်နာမှုမရှိရင် ရေနံနဲ့ ရေနံထွက်ပစ္စည်းများ ဆိုင်ရာ ဥပဒေပုဒ်မ ၃၉ (က)အရ အနည်းဆုံး ငွေဒဏ် ၅ သိန်းကနေ သိန်း ၅၀ ကျပ် ဖြစ်စေ (၆)လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ နှစ်ရပ်လုံးချမှတ်နိုင်ပါတယ်။
ယခုလို ဖမ်းဆီးမှုအပေါ် ကြိုဆိုပေမဲ့ စက်သုံးဆီပြတ်လပ်နေတဲ့ ကျေးရွာတွေအတွက် လုပ်ငန်းသုံး ဝယ်ယူပြီး သယ်ဆောင်လာတဲ့ စက်သုံးဆီတွေ စစ်အုပ်စုလုံခြုံရေးပူးပေါင်းအဖွဲ့တွေ လမ်းမှာ သိမ်းဆည်းနေတာ မဖြစ်သင့်ဘူးလို့ ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ကမ်းနားပိုင်းနေထိုင်သူတဦးက ပြောပါတယ်။
“အခုက ရွာအတွက် ဝယ်သွားရင် ခရုံဂူဂိတ်မှာ သူတို့ စစ်တယ်ပြီးရင် သိမ်းလိုက်တာပဲ၊ ရွာအတွက် ဝယ်လာပါတယ်ဆို ဘာမှ ပြောလို့မရဘူး၊ ဒါမျိုးကျတော့ ရွာကလူတွေ ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။
အဲဒီလိုမျိုး သိမ်းဆည်းထားတဲ့ စက်သုံးဆီတွေကို အနီးပတ်ဝန်းကျင်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ က ပြန်လည်ရောင်းစားနေတယ်လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်သုံးဆီတွေ အမှန်တကယ်အသုံးပြုနေသူတွေဆီ လက်ဝယ်ရောက်ဖို့အတွက် မှောင်ခိုရောင်းတယ်ပြုလုပ်နေသူတွေကို ပြင်းထန်စွာ အရေးယူဖို့ ညွှန်ကြားထားပေမဲ့ သူရဲ့ လက်အောက်ခံတွေက မှောင်ခိုရောင်းနေကြတာ ဖြစ်ပါတယ်။
ဓါတ်ပုံ – Social Media
ပုံစာ – စက်သုံးဆီအရောင်းဆိုင်များ