Photos
Photos
Photos
Photos
ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ပေါက်ကွဲမှု ဖြစ်ပွား၊ လူအယောက် ၆၀ ကျော်သေဆုံး
By – ချယ်ရီနွေဦး
ရှမ်းပြည်မြောက်ပိုင်း၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၆၀ နီးပါးသေဆုံးခဲ့ပြီး ၂၀၀ နီးပါး ပြင်းထန်ဒဏ်ရာ ရရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ပန်ဆန်းမြို့ပြင်၊ ယောင်းပန်ရွာရှိ ယမ်းချက်စက်၌ ယမန်နေ့ (ဧပြီ ၇) ညနေ ၃ နာရီခန့်တွင် ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
ဒေသခံ တစ်ဦးက “လောလောဆယ်တော့ ၁၇၀ ထိတယ် ကြားတယ်။ လက်နက်စက်ရုံလို့ ပြောတာပဲ။ မိုးရွာတော့ ပေါက်ကွဲမှုက အရမ်းကြီးမသွားဘူး” ဟု ပြောသည်။
ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)နှင့် ဒေသခံတို့က အယောက် ၆၀ ကျော် သေဆုံးသည်ဟု ဖော်ပြထားသော်လည်း နီးစပ်သည့် သတင်းရင်းမြစ်များက ၂၀၀ နီးပါး သေဆုံးသည်ဟု ဆိုသည်။
ယနေ့ (ဧပြီ ၈) အထိ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး UWSA ပြောရေးဆိုခွင့်ရှိသည့် ဦးညီရမ်းအား မေးမြန်းနေဆဲ ဖြစ်သည်။
UWSA သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား (EAOs) လက်နက်ခဲယမ်းများ ရောင်းချလျက်ရှိသည်။
သို့ဖြစ်ရာ အဆိုပါပေါက်ကွဲမှုမှာ နွေဦးတော်လှန်ရေး ဆောင်ရွက်နေကြသည့် လက်နက်ကိုင် အဖွဲ့အစည်းများအတွက် လက်နက်ခဲယမ်း ရှားပါးလာနိုင်သည်ဟု တက်ကြွလှုပ်ရှားသူများကြားတွင် ပြောဆိုနေကြသည်။
#peopleradiomyanmar