Mobile uploads
Mobile uploads
သံတွဲနှင့် ငပလီကို Y-12 နှင့် ဂျက်လေယာဉ် (၅) စင်းဖြင့် စစ်ကောင်စီ ဗုံးကြဲ
By- အန်နာ
Date- April 1, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် သံတွဲမြို့ကို ယနေ့ နေ့လည် ၁၁ နာရီခွဲခန့် အချိန်မှစတင်ပြီး စစ်ကောင်စီက Y-12 နှင့် ဂျက်လေယာဉ် ၅ စင်းဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
သံတွဲမြို့နှင့် အနီးအနားရှိ ကျေးရွာများကို ဂျက်တိုက်ယာဉ် လေးစင်းနှင့် Y-12 တစ်စင်းဖြင့် ဗုံးကြဲခဲ့ပြီး ရေတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သံတွဲဒေသခံတစ်ဦးက ဆိုသည်။
”ပစ်သံတွေ ဆက်တိုက်ကြားရတယ်။ ထိခိုက်မှု အခြေအနေကို သေချာတော့ မသိရသေးဘူး။ လူအသေအပျောက် ရှိနိုင်တယ်။ ကျနော်တို့လည်း အပြင်မထွက်ရဲသေးဘူး” ဟု ဆိုသည်။
စစ်တပ်သည် သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရွာ၊ လင်းသာရွာ၊ မဇင်ရွာနှင့် ဂေါ့ရွာ အနီးပတ်ဝန်းကျင်ကို ဗုံးသီး အလုံး ၂၀ ကျော်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ရခိုင်တွင် အမ်း၊ ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများ၊ စစ်သုံ့ပန်း အကျဉ်းစခန်းများကို ယခုကဲ့သို့ ဂျက်ဖိုက်တာ၊ Y-12 တို့ဖြင့် ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့မှစပြီးတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
Photo – ပုံဟောင်း
ဗုံးကြဲခံရသည့် သံတွဲ့မြို့မှ နေအိမ်များအားတွေ့ရစဥ်