အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရက ကလေးများအတွက် အခမဲ့ကျောင်းအစားအစာ ပေးဝေနေတဲ့ အစီအစဉ်နဲ့ ဆက်စပ်ပြီး လူ ၈၀၀ နီးပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဖြစ်စဉ်များအနက် အရှေ့ဂျာဗားပြည်နယ်မှာ ကျောင်းသား ၅၁၂ ဦး၊ အနောက်ဆူမတ်တြာပြည်နယ်မှာ လူ ၂၃၇ ဦး အပါအဝင် စုစုပေါင်း ၇၉၈ ဦး အစာအဆိပ်သင့်ခဲ့တာပါ။
အဆိုပါ အခမဲ့အစားအစာအစီအစဉ်ကို သမ္မတ ပရာဘိုဝို ဆူဘီယန်တို အစိုးရက ကလေးသန်းပေါင်းများစွာရဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး စတင်ခဲ့တာဖြစ်ပါတယ်။
အခုတော့ အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုများ၊ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များ၊ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲများနဲ့ ကုန်ကျစရိတ်မြင့်မားမှုတို့ကြောင့် ဝေဖန်ခံနေရပြီး ဖြစ်ပါတယ်။
ကနဦး စစ်ဆေးချက်အရ အစားအစာများကို စနစ်တကျ မသိုလှောင်ခြင်းနဲ့ ချက်ပြုတ်ပြီးသား အစားအစာ များကို အချိန်မီ မပို့ဆောင်နိုင်ခြင်းတို့ကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပွားစေတဲ့ အကြောင်းအရင်း ထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
ကိုးကား – Reuters
ဓါတ်ပုံ – Reuters