ရန်ကုန်တိုင်း အပါအဝင် စစ်ကော်မရှင် ထိန်းချုပ်ထားနိုင်တဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စက်တင်ဘာလ အတွင်း ပေါ်တာဆွဲခေါ်ယူမှုတွေ ပိုများလာပြီး အသက်အရွယ် အကြုံးဝင်တဲ့ အမျိုးသားတွေ အနေနဲ့ စိုးရိမ်ပူပန်နေရတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း ပေါ်တာဆွဲခေါ်ယူမှုတွေကို သန်လျင်တပ်နယ်၊ ဒလတပ်နယ်၊ မင်္ဂလာဒုံတပ်နယ်၊ မှော်ဘီတပ်နယ်နဲ့ လှည်းကူးတပ်နယ်တို့က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးထားသူတွေကို အမှတ် ၆ အခြေခံလေ့ကျင့်ရေးတပ် ပုသိမ်၊ အမှတ် ၆ တန်းမြင့်သင်တန်း ကျောင်း အုတ်တွင်း၊ အမှတ် ၁ စစ်အခြေခံ လေ့ကျင့်ရေးတပ် လှည်းကူးနဲ့ အမှတ် ၁ တန်းမြင့်သင်တန်းကျောင်း တိုက်ကြီးတို့ဆီ ပို့ဆောင်ပြီး စစ်မှုထမ်းဖို့အတွက် လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်း အကြုံးဝင်သူ တစ်ဦးက “နယ်မှာကျတော့လည်း လုပ်စရာအလုပ် မရှိတော့ဘူးလေ။ သူများလို နိုင်ငံခြားလည်း မထွက်နိုင်တော့ ရန်ကုန်ပဲ တက်လာလိုက်တာ။ အခုဆို နေ့တိုင်း အလုပ်သွားတာကအစ အဆင်မပြေဘူး။ လန့်နေရတယ်။ အလုပ်ကလည်း စောဆင်းမပေးတော့ ဓါးပဲဆောင်ထားလိုက်တယ်” လို့ ပြောပါတယ်။
ကနဦးအနေနဲ့ ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းမှာ လူဦးရေ ၄၇၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၅၈ ယောက် ပြန်လွတ်လာခဲ့ပေမယ့် ၁၇ ယောက်က စစ်သင်တန်းကျောင်းတွေဆီ ပို့ခံလိုက်ရပြီး ၁၉၇ ဦးရဲ့ နောက်ဆက်တွဲအခြေအနေလည်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာလည်း သင်္ဃန်းကျွန်း၊ မှော်ဘီ၊ လှိုင်သာယာ၊ အင်းစိန် စတဲ့မြို့နယ်တွေမှာ ၅၈ ဦးအထိ ပေါ်တာဆွဲခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
မတ်လ ပထမနဲ့ ဒုတိယပတ်မှလည်း လူဦးရေ ၄၀ ထက်မနည်း ပေါ်တာဆွဲခံခဲ့ရပြီး အလုပ်သားမား အများစုက ညဆိုင်းမဆင်းရဲတော့တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ အထည်ချုပ် စက်ရုံလုပ်သားတွေက ပြောပါတယ်။
ဒါ့အပြင် ဧပြီမှာ ၃၃ ဦး၊ မေမှာ ၆၁ ဦး၊ ဇွန်မှာ ၅၇ ဦးနဲ့ မြို့နယ် ၁၅ ခုမှာ စုစုပေါင်း ၁၅၀ ဝန်းကျင်ခန့် ဖမ်းဆီးခံလိုက်ရပြီး သတင်းအစအနေ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းအကြုံးဝင်သူ၏ မိခင်တစ်ဦးက “ကျောင်းက တကယ်တော့ တက်ချင်တာ မဟုတ်ဘူး။ ကျောင်းတက်နေရင် ခဏလွတ်တယ်ဆိုလို့ ခဏတက်ခိုင်းထားတာပါ။ သူများလို နိုင်ငံခြားလည်း မပို့နိုင်တော့လေ။ ကျောင်းပြီးရင်တော့ တမျိုးထပ်စဉ်းစားရမှာ။ ရန်မှာ မထားရဲဘူး” လို့ ပြောပါတယ်။
အလားတူ ဇူလိုင်လအတွင်း လမ်းမပေါ် သွားလာနေစဉ် ကားဖြင့်ဆွဲခံရသူ ၂၉ ဦး၊ မှတ်တိုင်နဲ့ အဝေးပြေးဂိတ်တွေမှာ စောင့်နေစဉ် ဖမ်းခံရသူ ၉ ဦးနဲ့ စုစုပေါင်း ၃၈ ဦး ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း ပေါ်တာဆွဲခံရသူဦးရေ တိတိကျကျ စာရင်းမရသေးပေမယ့် အစွန်ဘက်ကျတဲ့ မြို့နယ်တွေနဲ့ လူပြတ်တဲ့ နေရာတွေမှာ ပေါ်တာဆွဲတာတွေ ကြုံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရန်ကုန်တိုင်းအတွင်း ပေါ်တာဆွဲခေါ်ယူမှုတွေ များလာတာနဲ့အမျှ စက်ရုံလုပ်သားတွေရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်နေရပြီး အလုပ်သမား အဖွဲ့အစည်းတွေက အလုပ်ရှင်နဲ့ ဝန်ထမ်းကြား အလုပ်ချိန် ညှိနှိုင်းပေးဖို့ကို တောင်းဆိုနေကြပါတယ်။
၂၀၂၄ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ စစ်မှုထမ်း ဥပဒေအရ တစ်လကို လူဦးရေ ၅ ထောင် ခေါ်ယူမှာဖြစ်သလို တဖက်က စစ်မှုထမ်းမတိုင်ခင်ကတည်းက ရှိပြီးသားဖြစ်တဲ့ တပ်သားစုဆောင်းမှုအလိုက် ပေါ်တာဆွဲခေါ်ယူမှုကိုလည်း စစ်ကော်မရှင်က အားသွန်ခွန်စိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။