ဩဂုတ်လ – ၂၉ ရက်
တောင်ကိုရီးယားနိုင်ငံမှာ စစ်မှုထမ်းနေဆဲ လူငယ်စစ်သားတွေကြား နှာခေါင်း၊ မျက်ခုံးနဲ့ မျက်ခွံ အလှပြင်ခွဲစိတ်မှုတွေ ပြုလုပ်လာမှု မြင့်တက်လာတာကြောင်း သိရပါတယ်။
အခုလို ပလတ်စတစ်ဆာဂျရီ ပြုလုပ်မှုကြောင့် စစ်တပ်ရဲ့ လေ့ကျင့်ရေးနဲ့ တာဝန်ထမ်းဆောင်မှုတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကိုရီးယားတိုင်းမ်က ဖော်ပြပါတယ်။
စစ်သားတချို့ဟာ ခွင့်ရက်အတွင်း အလှပြင်ခွဲစိတ်မှု ပြုလုပ်ပြီး တပ်ကိုပြန်ဝင်လာချိန်မှာ အနာမကျက်သေးတာ၊ ရောင်ရမ်းနေတာတွေကြောင့် အရေးကြီးတဲ့ စစ်ရေးလေ့ကျင့်မှုတွေ၊ ညစောင့်တာဝန်တွေကနေ ယာယီဖယ်ထားပေးရတဲ့ ဖြစ်ရပ်တွေ ရှိလာပါတယ်။
တပ်မှူးတွေဘက်မှာလည်း စစ်သားတစ်ဦးကို တာဝန်ကနေ ဖယ်ထားရတဲ့အခါ အခြားစစ်သားတွေက အလုပ်ပိုတာဝန်ယူရပြီး မကျေနပ်မှုတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
တချို့ဖြစ်ရပ်တွေမှာ မိဘတွေကပါ ခွဲစိတ်ပြီးနောက် သားဖြစ်သူကို အချို့တာဝန်တွေ မပေးဖို့ တပ်မှူးတွေထံ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် စစ်သားတစ်ဦးကတော့ လစဉ် လစာ ဝမ် ၁၂ သိန်းခန့် ရရှိပြီး လပေါင်းများစွာ စုဆောင်းကာ မျက်ခွံအလှပြင်ခွဲစိတ်မှု ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါအပြင် အလှပြင်ဆေးခန်းတွေကလည်း စစ်သားတွေကို ပစ်မှတ်ထားပြီး ဆိုရှယ်မီဒီယာကနေ ကြော်ငြာမှုတွေ ပြုလုပ်ကာ စစ်သားအထူးလျှော့ဈေးတွေ ပေးနေကြပါတယ်။
သတင်းဌာနရဲ့ စုံစမ်းမှုအရ ဆေးခန်းတစ်ခုက စစ်မှုထမ်းနေသူတွေအတွက် ၄၀ ရာခိုင်နှုန်းအထိ လျှော့ဈေး ပေးခဲ့ပါတယ်။
တောင်ကိုရီးယားစစ်တပ်မှာ အလှပြင်ခွဲစိတ်မှုနောက်ပိုင်း ပြန်လည်ကျန်းမာရေးကာလအတွင်း စစ်ရေးလေ့ကျင့်မှုနဲ့ တာဝန်ထမ်းဆောင်မှုတွေကို ဘယ်လိုစီမံမလဲဆိုတဲ့ တိကျတဲ့ စည်းမျဉ်းတွေ မရှိသေးတာ ကလည်း တပ်မှူးတွေကို အခက်တွေ့စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ မျိုးဆက်သစ်လူငယ်တွေရဲ့ တန်ဖိုးထားမှုနဲ့ လူနေမှုပုံစံတွေ ပြောင်းလဲလာတာကို ထည့်သွင်းစဉ်းစားရင်း စစ်ရေးအသင့်အနေအထား မထိခိုက်စေဖို့ အလှပြင်ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ စနစ်တကျ စီမံခန့်ခွဲမှုတွေ လိုအပ်နေပြီ လို့ သုံးသပ်ထားပါတယ်။
ကိုးကား – Korea Times
ဓါတ်ပုံ – Korea Times