ဝဒေသမှာ ကျားဖြန်လုပ်ငန်းတွေ အသွင်ပြောင်းပြီး ဆက်လက်လည်ပတ်နေ

By – ချယ်ရီနွေဦး
ရှမ်းပြည်အရှေ့ပိုင်း၊ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထူးဒေသ ၂၊ မိုင်းပေါက်မြို့မှာ အွန်လိုင်းငွေလိမ် ကျားဖြန်ဂိုဏ်းတွေက ကာစီနိုရုံတွေအဖြစ် အသွင်ပြောင်းပြီး ဆက်လက်လည်ပတ်နေတယ်လို့ စုံစမ်းသိရပါတယ်။
အဲဒီ ကာစီနိုရုံတွေဟာ တရုတ်နိုင်ငံက ထောက်ပံ့မှုအစီနဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ကျားဖျန်နှိမ်နှင်းတားဆီးရေး ဖော်ဆောင်ပြီးတဲ့နောက်မှ အသွင်ပြောင်း ဖွင့်လှစ်လာကြတာလို့ ဆိုပါတယ်။
ဒေသတွင်း ကာစီနိုရုံ သွားရောက်ဖူးသူ တစ်ဦးက “လူတိုင်းကို သူတို့ ဖိတ်ခေါ်တယ်။ အပေါင်လည်း ခံတယ်။ အဓိက လိမ်တာပါ။ ဘာလို့လဲဆို အဲဒီ ကာစီနိုရုံမှာ ဆော့ပြီး ပြန်လာရင် နိုင်တဲ့သူဆိုလို့ မတွေ့ဖူးသေးပါဘူး” လို့ ပြောပါတယ်။
ကာစီနိုရုံတွေမှာ လောင်းကစားလာလုပ်သူတိုင်းကို အပေါင်ခံတာ၊ ငွေချေးတာတွေလည်း ဝန်ဆောင်မှု ပေးနေပြီး သတ်မှတ်ရက်ကျော်လို့ ငွေပြန်မဆပ်နိုင်သူတွေကို ကျားဖြန့်လုပ်ငန်းတွေဆီ ရောင်းစားတာမျိုး ရှိတယ်လို့ သိရပါတယ်။
ရောင်းစားခံရသူတွေဟာ မိုင်းပေါက်မြို့ကနေ တဆင့် စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့ကို ဖြတ်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ တပ်မတော် (SSPP/ SSA) ဌာနချုပ်ရှိရာ ဒေသက ကျားဖျန်လုပ်ငန်းတွေဆီမှာ လုပ်ကိုင်နေရတယ်လို့ ဒေသတွင်း လောင်းကစားသမားတွေက ပြောပါတယ်။
နောက်တစ်နည်း အနေနဲ့ အကြွေးမဆပ်နိုင်တွေကနေတဆင့် သူတို့ရဲ့ မိတ်ဆွေ၊ နီးစပ်ရာ ဆွေမျိုးတွေကို ဖဲပြန်လာကစားဖို့အတွက် လှည့်လည်စည်းရုံးခိုင်းပြီး သားကောင်အချင်းချင်း လိမ်လည်ခိုင်းနေတာတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ အထောက်ထားမဲ့ ကျားဖျန်လုပ်သားဖြစ်တဲ့ တရုတ်နိုင်ငံသား ၁,၁၂၂ ဦးအထိ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)က ပြန်ပို့ခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ကျန်ရှိနေသေးတဲ့ ကျားဖျန်လုပ်ငန်းတွေဟာ အသွင်ပြောင်း ဆက်လက်လည်ပတ်နေပြီး တချို့ လုပ်ငန်းတွေက ရှမ်းတောင်ဒေသ မြို့နယ်တွေကို ကူးစက်လာတာကြောင့် ရှမ်းပြည် လူထုတစ်ရပ်လုံးက စိုးရိမ်ပူပန်နေကြပါတယ်။
ဓါတ်ပုံ – Social Media⁩

Leave a Reply

Your email address will not be published. Required fields are marked *