ကချည်ပြည်နယ် ၊ ဖားကန့်မြို့မှာ တိုက်ပွဲကြောင့် တစ်နှစ် ကျော်ကြာစစ်ရှောင်နေကြရတဲ့ ဒေသခံပြည်သူတွေ ကျေးရွာအတွင်း ဝင်ရောက်နေထိုင်လို့ ရတော့မယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ ကနေစတင်ပြီး စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA ) တို့ကို ဒေသခံပြည်သူတွေက ပြန်လည်နေထိုင်ခွင့်တောင်းခဲ့ကြတာပါ။
ဒါ့ကြောင့် နှစ်ဖက်လုံးဆီက ခွင့်ပြုချက်ရရှိခဲ့ပြီး မော်ဝမ်းကြီး ကျေးရွာ၊ မော်ဝမ်းလေး ကျေးရွာနဲ့ မော်မောင်းလယန်ကျေးရွာက ပြည်သူတွေ မိမိနေအိမ်မှာ ပြန်လည်နေထိုင်လို့ရတော့မှာဖြစ်တာကြောင့် ကျေးရွာသန့်ရှင်းရေးပြုလုပ်နေကြတယ်လို့ သိရပါတယ်။
” ရွာထဲပြန်နေရဖို့ရပ်ရွာတာဝန်ရှိသူနဲ့သွား ပြောတာကြာပြီ။ လောလောဆယ် အဲ့ပတ်ဝန်းကျင်က စစ်တပ်ကထိုင်ထားတာဟုတ်တယ်။ အိမ်စောင့်လည်းမရှိတော့ ပျက်စီးထားတာကများတယ်။ ရွာထဲ တော့မ နေသေးဘူး။ လက်ကျန်မိုင်းတွေနဲ့ ခြုံနွယ် တွေ သန့်ရှင်းရေးလုပ်နေပါတယ်” လို့ မော်ဝမ်းကြီး ကျေးရွာမှာ နေထိုင်တဲ့ ဒေ သခံတစ်ဦးက Manau Voice ကိုပြောပါတယ်။
ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတို့မှာ အဓိကထား သန့်ရှင်းရေးပြုလုပ်နေပြီး ကျေးရွာပြန်လည်ထူထောင်ရေးအတွက် အကူညီတွေလိုအပ် နေတယ်လို့လည်းသိရှိရပါတယ်။
” လောလောဆယ်မနက်ကနေ ညနေထိသန့်ရှင်း ရေးသွားလုပ်ကြတယ်။ ညတော့ မအိပ်ကြသေးဘူးဗျ။ ရွာအရင်လိုပြန်စည်ဖို့ဆိုတာက အများကြီးပြုပြင်ရအုံးမှာဟုတ်တယ်။ ရွာထဲဝင်ဖို့ကကြာတော့မကြာတော့ပါဘူး ၊ သန့်ရှင်းရေးတွေလည်း ပြီးသင့်သလောက်ပြီးနေပြီဆိုတော့လေ” လို့ မော်ဝမ်းလေး ကျေးရွာမှာ နေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
လွန်ခဲ့တဲ့ မေလ ၁၉ ရက်နေ့ကတော့ စစ်ကောင်စီတပ်က မော်ဝမ်းကလေးကျေးရွာကိုအကြောင်းမဲ့ မီးရှို့ခဲ့တာ ကြောင့် လူနေအိမ် ၅၀ ကျော် မီးလောင် ပျက်ဆီးခဲ့ပါသေးတယ်။
နေထိုင်ခွင့်ပြန်လည်ရရှိပေမယ့် နေအိမ်မီးရှို့ခံရတာတွေနဲ့ ထောင်မိုင်းအန္တရယ်တွေ ကြောင့် အခက်အခဲတွေရှိနေနိုင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး Manau Voice က ဆက်သွယ်မေးမြန်းရာမှာတော့ ထောင်မိုင်းတွေကို စစ်တပ်က အားလုံးရှင်းလင်းထားပြီးဖြစ်ပြီး နေအိမ်ကိစ္စတွေကိုတော့ ရပ်ရွာလူကြီးတွေစီစဉ်နေတာကြောင့် ဖြေဆိုလို့မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
သတင်း – Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ
ပုံစာ – ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ မော်ဝမ်းကြီး ကျေးရွာ၊ မော်ဝမ်းလေး ကျေးရွာ၊ မော်မောင်လယန် ကျေးရွာမှ စစ်ရှောင် ပြည်သူတွေ နေရပ်ပြန်လည်နေထိုင်နိုင်ဖို့ ရပ်ရွာ သန့်ရှင်းရေး ပြုလုပ်နေကြပုံကို ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်။