အကြမ်းဖက်စစ်တပ်ဟာ လူသူရောက်နည်းပါးတဲ့ ရေခါးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်လို့ ဒေသခံ၂ ဦးသေ ၊ ၅ ဦးဒဏ်ရာရ။

By – ထက်မြတ်
Date – August 20, 2026
အကြမ်းဖက်စစ်တပ်ဟာ လူသူရောက်နည်းပါးပြီး ဂျောင်ကျတဲ့ကျေးရွာတွေကိုပင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ အဆက်မပြတ်ပြုလုပ်လာခဲ့တဲ့အတွက် ဒေသခံတစ်ချို့ ထိခိုက်သေဆုံးသူတွေလည်းရှိခဲ့ပါတယ်။
သြဂုတ် ၁၈ ရက်၊ညနေ ၄ နာရီလောက်မှာ ထိတွေ့တိုက်ပွဲမရှိပဲ ဆားလင်းကြီးမြို့နယ်က ရေခါးကျေးရွာကိုအကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးအပြင် ၊ ဂျက်တိုက်လေယာဉ် ၂ စီး နဲ့ ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
“ထိတွေ့တိုက်ပွဲမရှိဘူးနော်၊ဘာမှမရှိဘူး။ ကာကွယ်ရေးတပ်တွေ ဝင်ထွက်သွားလာတာမျိုးမရှိဘူး ။အဲဒီရွာက ဂျောင်ကျတယ်၊အဲ့ဒါကို ရွာကိုတည့်တည့်မတ်မတ်လာကြဲသွားတာ၊သေတာကတော့ ရေခါးရွာခံတစ်ယောက် လယ်တီက စျေးလာဝယ်တဲ့သူတစ်ယောက်သေတယ်၊ဒဏ်ရာရတဲ့သူတွေထဲမှာ ဒဏ်ရာကြီးတဲ့သူလည်းရှိတယ်။ သေးတဲ့သူလည်းရှိတယ်။အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး”လို့ ဆားလင်းကြီးနယ်ခံတစ်ဦးကပြော ပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခင် ဝမ်ပေါင်ကနေ အကြမ်းဖက်စစ်တပ်က လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၆ လုံးမီးလောင်ပျက်စီးသွားသလို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်လည်း ဘုန်းကြီးကျောင်း နဲ့ နောက်ထပ်နေအိမ် ၅ လုံးထက်မနည်း ထပ်မံထိခိုက်ပျက်စီးသွားပါတယ်။
လက်ရှိမှာတော့ ရေခါးကျေးရွာရှိ ပြည်သူတွေဟာ ကျေးရွာထဲမှာမနေရဲတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဒါ့အပြင် ရေခါးကျေးရွာဟာအခုလို လေကြောင်းဗုံးကြဲခံရတာ ၂ ကြိမ်မြောက်ရှိပြီး ဖြစ်ပါတယ်။ ပထမအကြိမ်မှာတော့ ဂျိုင်ရိုကော်ပတာ နဲ့ လာရောက်တိုက်ခိုက်ခံရပေမယ့်လည်း ထိခိုက်သူမရှိခဲ့ဘူးလို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *