ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် အယောက် ၇၈ ဦးခန့်ဟာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/ SSA)လက်အောက်ကို ဘက်ပြောင်းခိုလှုံလာတယ်လို့ RCSS က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့အတွင်းရှိ RCSS တပ်ရင်းတပ်ခုရဲ့ လက်အောက်ကို မနေ့ (ဩဂုတ် ၂၇) က ခိုဝင်လာခဲ့တာဖြစ်ပြီး RCSS က တစ်ဦးချင်းစီကို အားပေးစကားပြောဆိုခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဘက်ပြောင်းခိုလှုံလာတဲ့ တပ်ဖွဲ့ဝင် တပ်ဖွဲ့ဝင် တစ်ဦးစီကို ငွေ ၅ သိန်းကျပ် ထောက်ပံ့ခဲ့ပြီး လတ်တလော ခဏတာခိုလှုံခွင့် ပေးသွားမယ်လို့ ဆိုပါတယ်။
RCSS ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “သူတို့ရဲ့ သဘောဆန္ဒကိုလည်း မေးမြန်းခဲ့ပါတယ်။ သူတို့ကတော့ အိမ်ပြန်ပြီး အေးဆေး တောင်ယာပဲ လုပ်ချင်တယ်။ လက်နက်ကိုင်လမ်းစဉ်ကတော့ ဘယ်အဖွဲ့ဆီမှာမှ မလုပ်ချင်တော့ဘူးလို့ ပြောတယ်။ အဲတော့ ကျနော်တို့ကလည်း သူတို့ ဆန္ဒအတိုင်း ခေါ်မထားတော့ပါဘူး” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဆီဆိုင်တိုက်ပွဲ စတင်ဖြစ်ပွားစဉ်ကလည်း ပအိုဝ်းတိုင်းရင်းသား အများအပြားကို RCSS ရဲ့ ထိန်းချုပ်နယ်မြေမှာ ခိုလှုံခွင့်ပေးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ဩဂုတ်လ ၂၄ ရက်ကလည်း PNLA တပ်ဖွဲ့ဝင် ၃ ဦးဟာ ပအိုဝ်းပြည်သူ့စစ် (PNA) လက်အောက်ကို ခိုဝင်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
ဖောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ဗန်းမက်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာမှာရှိတဲ့ PNLA ဌာနချုပ်က ခိုဝင်လာတာဖြစ်ပြီး ဗိုလ်မှူးတစ်ဦးနဲ့ တပ်သား ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက မဟာမိတ်တပ်တွေနဲ့အတူ ဆီဆိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့တဲ့ PNLA တပ်ဖွဲ့ဟာ နောက်ပိုင်းမှာ နိုင်ငံရေးဖိအား၊ ဒေသခံတွေရဲ့ ထောက်ခံမှု ကျဆင်းလာတာ၊ မဟာမိတ်တွေ အင်အားနည်းလာတာတွေကြောင့် တဖြည်းဖြည်း အင်အားယုတ်လျော့လာပြီး တပ်ဖွဲ့ပြိုကွဲတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။