ဩဂုတ်လ ၂၉၊ ၂၀၂၆
ကရင်ပြည်နယ်ထဲက ကရင့်စာပေယဉ်ကျေးမှုအဖွဲ့တွေ ဦးဆောင်ကျင်းပတဲ့ ကရင့်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကျင်းပရာတွင် တရုတ်ကျားဖြန့် ငွေလိမ်လုပ်ငန်း ကိစ္စစွတ်စွဲခံရပြီး နိုင်ငံတစ်ကာက စီးပွားရေးပိတ်ဆို့ခံရတာနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လက်နက်ကိုင်ခေါင်းဆောင်တွေ ကရင်လက်ချည်ပွဲကို လူလုံးပြ တက်ရောက်တာမျိုးမရှိပေမယ့် မတည်အလှုငွေထည့်ဝင်ပေးပြီး စည်ကားအောင်ကျင်းပခိုင်းတယ်လို့ ကရင်စာပေယဉ်ကျေးမှုအဖွဲ့တွေနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
” လက်ချည်ပွဲက ဒီနှစ်အစည်ကားဆုံးလုပ်ခိုင်းတာ၊ သိန်းရာချီစပွန်စာပေးထားတယ်၊ ကျားဖြန့် ခေါင်းဆောင်တွေပေါ့နော်၊ တာကျော်ဝ့်ချစ်သူ၊ ဗိုလ်မုတ်သုန်၊ ဗိုလ်တင်ဝင်း၊ ဗိုလ်မှူးနိုင်မောင်ဇော်တို့၊ ဗိုလ်မှုးသိန်းဇော်မင်းတို့လို ခေါင်းဆောင်တွေ မတည်ငွေထည့်ကြတာပေါ့နော်၊ သူတို့တော့ပွဲလာတက်တာမရှိဘူး၊ တပည့်တွေတော့လာတက်တယ်၊ နောက်ဆီဆိုင်တွေ၊လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေငွေထည့်ရတာပေါ့၊ ပွဲက ၃ရက်လုပ်တာ၊ လူကလည်းထောင်ချီလာတယ်လေ” လို့ ပြောပြပါတယ်။
ဒါအပြင် ဖားအံ၊ မြိုင်ကြီးငူ၊ ရွှေကုက္ကိုနဲ့ ဆုံဆည်းမြိုင်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်းဘွဲမြို့နယ်အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေကျေးလက်များဘက်က လက်ချည်ပွဲများကိုလည်း ထောက်ပံငွေမတည်ပေးပို့ကျင်းပခိုင်းတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။
အခု ဝါခေါင်လအဖိတ်နေ့၊ လပြည့်နေ့တွေမှာ ကျင်းပခဲ့ကြတဲ့ ကရင်ရိုးရာလက်ချည်ပွဲတွေကို မြဝတီ၊ မဲဆောက်မြို့ဘက်နဲ့ ဒေသကျေးရွာတွေမှာ အစုအဖွဲ့အလိုက်နေရာစုံကျင်းပခဲ့ကြပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေကတော့ ပွဲအခမ်းအနားမှာတက်ရောက်ပါဝင်တာမျိုးမရှိဘဲ၊ နေအိမ်မှာသာ မိသားစု၊ ဖိုးဖွား၊ သားသမီးတွေနဲ့ စုပေါင်းလက်ချည်ကြတာကို မိသားစုဝင်တွေ လူမှုကွန်ယက်မှာတင်လာတဲ့ ဓါတ်ပုံအချက်အလက်တွေအရ သိရပါတယ်။
” ဒီနှစ်လက်ချည်ပွဲက ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေ ပွဲတက်တာမတွေ့ရဘူး၊ ခါတိုင်းနှစ် တွေဆိုသူတို့ အဓိကလူကြီးလုပ်ကြပွဲတက်ကြတာပေါ့၊ အခုကအဲ့ဒိတစ်ခုလိုနေသလို ခံစားရတယ်၊ ကရင်နဲ့ပတ်သက်တဲ့ပွဲဆိုသူတို့လိုခေါင်းဆောင်တွေက ရိုးရာထိမ်းသိမ်းဖို့ အမြဲတမ်းပွဲချိန် ရောက်တိုင်းထောက်ပံ့ပေးနေကြ၊ ပွဲတက်နေကြဆိုတော့၊ ဒီနှစ်မတွေ့ရတော့ စိတ်တော့မကောင်းဘူးပေါ့နော်၊ သူတို့အလုပ်ကတစ်ပိုင်းပေါ့နော်၊ ရိုးရာပွဲကတော့တက်စေခြင်တယ်” လို့ ကရင်စာပေယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးကပြောပြပါတယ်။
အဲ့ဒီလိုလက်နက်ကိုင်ခေါင်းဆောင်တွေအဓိကမတည်ငွေနဲ့ကျင်းပတဲ့လက်ချည်ပွဲအခမ်းအနားတွေမှာတော့ စစ်အုပ်စုရဲ့တပ်ဖက်၊ အရပ်ဖက်၊ဌာနဆိုင်ရာတွေ ပြည်နယ်စစ်အုပ်စုဝန်ကြီးတွေ၊ စစ်တပ်နဲ့ ပူးပေါင်းတဲ့ ကရင်ပါတီခေါင်းဆောင်တွေ၊ ကရင်လွှတ်တော်ကိုယ်စားလှယ်အုပ်စုတွေ ပါဝင်တက်ရောက်တာကို တွေ့ရပြီး BGF တပ်တွေနဲ့ DKBA ၊KNLA ၊ PC တပ်ဖွဲ့ တွေက အဓိကလုံခြုံရေးယူစောင့်ကြပ်နေကြောင်း မြဝတီမြို့ဒေသခံသတင်းအရင်းအမြစ်တွေ သတင်းပေးပို့ချက်အရသိရပါတယ်။