မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဇီးပြောင်းကျေးရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသားတစ်ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဩဂုတ်လ ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲခန့်မှာ သိမ်ဇရပ်မြို့အခြေစို်က အမြောက်တပ် အမတ(၃၁၀)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။
စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ ဇီးပြောင်း(၅)ရွာ မူလတန်းကျောင်းဘေး ဘောလုံးကွင်း အနီး လူနေအိမ်ခြံထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်မှုများခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက PRM ကို ပြောပါတယ်။
“ကလေးတွေ့ ဆော့နေကျတဲ့အချိန်လည်း ဖြစ်သွားတာ ကျောင်းဘက်ပါထိရင်တော့ တော်တော်ဆိုးမှာ အခုအိမ်ဘက်ခြံထဲကျတော့ အဲဒီမှာ ရှိတဲ့သူ အကုန်ထိသွားတဲ့အခါကျတော့ ထိခိုက်မှု များသွားတာ” လို့ ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ချစ်လင်းအောင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ အခင်းဖြစ်ရပ်တွင် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၁၀ နှစ်အရွယ် အသက် ၁၇ နှစ်အရွယ်၊ အသက် ၁၉ နှစ်အရွယ် လူငယ်ပိုင်းတွေအပါအဝင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦးတို့မှာ ခန္ဓာကိုယ်အနှံ့မှာ ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက လေးဦးဟာ ဒဏ်ရာပြင်းထန်နေတာကြောင့် ပဲခူးဆေးရုံကနေတဆင့် ရန်ကုန် ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
“အဲဒီရွာဘက်မှာက အခုတလော တိုက်ပွဲတော့ မရှိဘူး၊ တခါတလေ အဲဒီလမ်းပိုင်းက စစ်တပ်က စစ်ကြောင်း ထိုးတာမျိုးတော့ ရှိတယ်” လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကတော့ အဆိုပါနယ်မြေဟာ KNU တပ်မဟာ – ၁ သထုံခရိုင်ထိန်းချုပ်နယ်မြေ ဖြစ်တယ်လို့ ပြောဆိုနေပေမယ့် တော်လှန်ရေးအဖွဲ့တော့ အဲဒီနယ်မြေဟာ ကေအဲန်ယူလက်အောက်မရှိသလို ဝင်ရောက်တပ်စွဲနေထိုင်တာမျိုး မရှိဘူးလို့ တုံ့ပြန်ပါတယ်။
နိုင်ငံတဝှမ်းမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အရှိန်မြှင့်လုပ်ဆောင်လာတဲ့ စစ်တပ်ဟာ အရပ်သားပစ်မှတ်ပါမကျန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြ ထားပါတယ်။