ချင်းရိုင်မြို့အစိုးရဦးဆောင်ပြီး မြန်မာအပါအဝင် အထောက်အထားမဲ့ ကလေးတွေအတွက် G – Code လို့ခေါ်တဲ့ ကျောင်းသားနေထိုင်ခွင့်ကဒ်လုပ်ပေး။

By – ထက်မြတ်
Date – August 20, 2026
ထိုင်းနိုင်ငံ ၊ ချင်းရိုင်မြို့အစိုးရဦးဆောင်ပြီး မြန်မာအပါအဝင်အထောက်အထားမဲ့ ကလေးတွေအတွက် G – Code လို့ခေါ်တဲ့ ကျောင်းသားနေထိုင်ခွင့်ကဒ်ကိုလုပ်ပေးနေတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အဆိုပါ G – Code ကျောင်းနေထိုင်ခွင့်ကဒ် နဲ့ ခရီးသွားမည်ဆိုပါက ထောက်ခံစာယူရမှာဖြစ်ပြီး အဲဒီကဒ် နဲ့ အလုပ်လုပ်ကိုင်ခွင့်မရှိဘူးလို့သိရပါတယ်။ဒါ့အပြင် အဆိုပါ ကဒ်ပေးပွဲကို UNHC R နဲ့ ICRC ၊ ချင်းရိုင်မြို့တော်ဝန်ကိုယ်တိုင်တက်ရောက်ပေးခဲ့ကြတယ်လို့ဆိုပါတယ်။
“ဒီဖြစ်စဉ်က ဒီမြို့မှာ အစိုးရအစီအစဉ် နဲ့ ပထမဆုံးလုပ်တဲ့အစီအစဉ်ပါ။ကျောင်းထားလို့ရမယ် ၊ တက္ကသိုလ်အထိသုံးလို့ရမယ်။ ဒါပေမယ့် အလုပ်လုပ်ခွင့်မရှိဘူး ”လို့ အဆိုပါအကြောင်းအရာကို သိရှိသူတစ်ဦးကပြောပါတယ်။
အဲဒီကျောင်းသားနေထိုင်ခွင့်ကဒ်ကို လုပ်ပေးရာမှာလည်း ကျောင်းသားဦးရေးကန့်သတ်ထားတာမျိုးမရှိသလို လက်ရှိမှာတော့ မြန်မာ ၊ ရှမ်း ၊ အခါ ၊ လားဟူး ၊ ပဒေါင် ၊ ကယား ၊ ကယော နဲ့ လာအိုဘက်က ကလေးအပါအဝင် အယောက် (၆၃၀) ကျော်ကို လုပ်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီ G – Code ကဒ် နဲ့ ပညာသင်ကြားခွင့် အခွင့်အရေးရရှိခြင်း ၊ ထိုင်းအစိုးရရဲ့ “ Education For All” မူဝါဒအရ ကလေးတွေဟာ တရားဝင်အထောက်အထား ( Passport / ဗီဇာ)မရှိပေမယ့်လည်း ထိုင်းအစိုးရကျောင်းများမှာ တရားဝင် ပညာသင်ကြားခွင့်ရရှိသွားမှာဖြစ်ပါတယ်။
ယင်းနောက် အဆိုပါ ကဒ်ရရှိထားတဲ့ ကျောင်းသားများအနေနဲ့ ကျောင်းတွင်း ကျန်းမာရေးစောင့်ရှောက်မှု ၊ကာကွယ်ဆေးထိုးနှံမှု နဲ့ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးအကာအကွယ်များလည်းရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အထောက်အထားမဲ့ မိသားစုဝင်တစ်ချို့အနေနဲ့လည်း G – Code ကဒ် နဲ့ ကျောင်းသားအဖြစ် စာရင်းဝင်ထားခြင်းက ဒေသတွင်းသွားလာလှုပ်ရှားရာမှာ စစ်ဆေးခံရပါက အကာအကွယ်အတိုင်းအတာတစ်ခုအထိ ရရှိစေမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *