“ခေါင်းဆောင်တစ်ဦး၏ တာဝန်သည် နိုင်ငံခြားသို့ သွားရောက်ကာ ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများ၏ အောင်မြင်မှုများကို လေ့လာရုံသာ မဟုတ်ပေ။ ထိုအောင်မြင်မှုများ ဖြစ်ပေါ်လာစေသည့် အခြေခံအကြောင်းရင်းများကို နားလည်ပြီး မိမိနိုင်ငံတွင် အကောင်အထည်ဖော်နိုင်ရန် ဖြစ်သည်။”
နိုင်ငံတော်စရိတ်နဲ့ ဖော်ရှိုး ခရီးမသွားနဲ့
By –ချာနွန်
နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးသည် နိုင်ငံခြားခရီးစဉ်များ သွားရောက်ခြင်းမှာ အပြစ်မဟုတ်ပါ။ နိုင်ငံတကာဆက်ဆံရေး တိုးမြှင့်ရန်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန်၊ နိုင်ငံအကျိုးစီးပွားကို ကိုယ်စားပြုဆောင်ရွက်ရန်အတွက် ခရီးသွားခြင်းသည် လိုအပ်သော တာဝန်တစ်ရပ်ဖြစ်သည်။
သို့သော် ပြည်သူများ မေးခွန်းထုတ်ရမည့်အချက်မှာ ထိုခရီးစဉ်များသည် တကယ်တမ်း နိုင်ငံအတွက် အကျိုးရှိသလား၊ သို့မဟုတ် အာဏာရှင်များ၏ ပုံရိပ်တည်ဆောက်ရေးအတွက်သာ အသုံးချနေခြင်းလား ဆိုသည့်အချက်ပင် ဖြစ်သည်။
မကြာသေးမီက မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ပြည်နယ်အချို့သို့ သွားရောက်လေ့လာခြင်း၊ အာကာသနည်းပညာဆိုင်ရာ အဆောက်အအုံများနှင့် စခန်းများသို့ လေ့လာရေးခရီးထွက်ခြင်းများကို အာဏာရှင်ထိန်းချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့သည်။
ထိုသတင်းများကို ကြည့်ရှုသူများအတွက် ပေးပို့လိုသည့် သတင်းစကားမှာ ရှင်းလင်းသည်။ “နိုင်ငံခေါင်းဆောင်သည် အနာဂတ်နည်းပညာများကို စိတ်ဝင်စားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်နေသည်” ဟူသော ပုံရိပ်ကို ဖန်တီးပြလိုခြင်းဖြစ်သည်။
သို့သော် လက်တွေ့ဘဝတွင် မြန်မာပြည်သူများ ရင်ဆိုင်နေရသည်မှာ အာကာသနည်းပညာ မဟုတ်ပေ။ ပြည်သူများ ရင်ဆိုင်နေရသည်မှာ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ လျှပ်စစ်မီးမမှန်မှု၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ အားနည်းလာမှုတို့ ဖြစ်သည်။ နေရာဒေသအများအပြားတွင် လုံခြုံရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်တွင်းစစ်၏ သက်ရောက်မှုကို သာမန်ပြည်သူများက နေ့စဉ်ခံစားနေကြရသည်။
အာကာသဆိုသည့် စကားလုံးသည် နေ့စဉ်စားဝတ်နေရေးအခက်အခဲများကြားမှာ မြန်မာပြည်သူတွေအတွက် အလှမ်းဝေးလွန်းသည့် စိတ်ကူးယဉ်အကြောင်းအရာတစ်ခုသာ ဖြစ်သည်။
နိုင်ငံခေါင်းဆောင်တစ်ယောက်၏ မူဝါဒ ဦးစားပေးမှုများသည် ၎င်းနိုင်ငံ၏ အမှန်တကယ်လိုအပ်ချက်များကို ထင်ဟပ်ရမည် ဖြစ်သည်။ စီးပွားရေးကျဆင်းနေချိန်၊ ပြည်တွင်းပဋိပက္ခများ ပြင်းထန်နေချိန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ အခက်အခဲများ တိုးလာနေချိန်တွင် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အသုံးပြု၍ စိတ်ကူးယဉ်ပုံရိပ်တည်ဆောက်နေခြင်းသည် ချိန်သားမကိုက်သော ဖော်ရှိုးမူဝါဒ တစ်ရပ်အဖြစ် မြင်တွေ့ရသည်။
ခေါင်းဆောင်တစ်ဦး၏ တာဝန်သည် နိုင်ငံခြားသို့ သွားရောက်ကာ ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများ၏ အောင်မြင်မှုများကို လေ့လာရုံသာ မဟုတ်ပေ။ ထိုအောင်မြင်မှုများ ဖြစ်ပေါ်လာစေသည့် အခြေခံအကြောင်းရင်းများကို နားလည်ပြီး မိမိနိုင်ငံတွင် အကောင်အထည်ဖော်နိုင်ရန် ဖြစ်သည်။
တရုတ်နိုင်ငံ၏ အာကာသနည်းပညာ တိုးတက်မှုများသည် တစ်ရက်တည်းဖြင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ တည်ငြိမ်သော အုပ်ချုပ်ရေးစနစ်၊ ရေရှည်စီမံကိန်းများ၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေးအခြေခံအုတ်မြစ် ခိုင်မာမှုများအပေါ် အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးမေးခွန်းမှာ “အာကာသစခန်းကို ဘယ်အချိန်သွားလေ့လာမလဲ” မဟုတ်ဘဲ “ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်မလဲ”၊ “စီးပွားရေးကို ဘယ်လိုပြန်လည်နာလန်ထူအောင် လုပ်မလဲ”၊ “ပြည်သူများ၏ စားဝတ်နေရေးကို ဘယ်လိုကောင်းမွန်အောင် ဆောင်ရွက်မလဲ” ဆိုသည့် မေးခွန်းများ ဖြစ်သည်။
ခေါင်းဆောင်ကောင်းတစ်ဦး၏ အောင်မြင်မှုကို နိုင်ငံခြားခရီးစဉ်အရေအတွက်နှင့် မတိုင်းတာနိုင်ပေ။ ပြည်သူများ၏ ဘဝအရည်အသွေး တိုးတက်လာမှု၊ ငြိမ်းချမ်းရေးရရှိမှုနှင့် စီးပွားရေးတည်ငြိမ်မှုတို့ဖြင့်သာ တိုင်းတာရမည် ဖြစ်သည်။
ပြည်သူများအတွက် လိုအပ်နေသည်မှာ အာကာသအိပ်မက်များ မဟုတ်ဘဲ နေ့စဉ်ဘဝ လုံခြုံမှုနှင့် စားဝတ်နေရေး အာမခံချက်များ ဖြစ်သည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေသည် ပြည်သူများ၏ အခွန်ဘဏ္ဍာဖြစ်သည်။ ထိုငွေများကို အာဏာပုံရိပ်တည်ဆောက်ရေးအတွက် အသုံးပြုခြင်းထက် ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မည့် နေရာများတွင် အသုံးချသင့်သည်။
အမှန်တကယ် လိုအပ်နေသည်မှာ အာကာသစခန်းသို့ သွားရောက်ဓာတ်ပုံရိုက်ပြခြင်း မဟုတ်ဘဲ ပြည်သူများ၏ ဘဝကို ပိုမိုကောင်းမွန်လာစေမည့် မူဝါဒများ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုများနှင့် စီးပွားရေးပြန်လည်ထူထောင်ရေး အစီအစဉ်များ ဖြစ်သည်။
နိုင်ငံတော်စရိတ်ဖြင့် ခရီးသွားခြင်းသည် လွယ်ကူနိုင်သော်လည်း ပြည်သူများ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်မှာ ထိုထက်ပို၍ ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူများသည် ခေါင်းဆောင်များ၏ ခရီးစဉ်များကို မကြည့်တော့ဘဲ မိမိတို့၏ နေ့စဉ်ဘဝ အခြေအနေများကိုသာ ကြည့်နေကြသောကြောင့် ဖြစ်သည်။