ဖားကန့်တွင် အထုပ်မဲတထုပ်ကောက်မိရာမှ ပေါက်ကွဲကာ မူးယစ်ဆေးစွဲနေသည့်အမျိုးသားတဦး သေဆုံး။

ဇွန် ၊ ၁၃၊၂၀၂၆။

ကချင်ပြည်နယ် ၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာမှာ လမ်းဘေးချထားတဲ့အထုပ်မဲတစ်ထုတ်ကိုကောက်မိရာမှ ပေါက်ကွဲကာ မူးယစ်ဆေးစွဲနေတဲ့အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

လုံးခင်းကျေးရွာ ရပ်ကွက် (၅) က ဝင်းဝင်းချိုတည်းခိုခန်းအနီးမှာ ဒီနေ့မနက် (၇)နာရီဝန်းကျင်အချိန်လောက်က ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် မူးယစ်ဆေးစွဲနေတဲ့အမျိုးသားတဦး သေဆုံးသွားပြီး စားစရာလို့ထင်ကာ ကောက်မိရာကနေ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” အမှိုက်လိုက်ကောက်တဲ့ ဖိုးသမားတစ်ယောက် ဟုတ်တယ်။ အထုပ်မဲလေး၊ သူလည်းပုံမှန်လိုပဲကောက်လိုက်တာ ၊ ချက်ချင်းကိုပေါက်ကွဲထွက်တာ။ အဲ့နားပတ်ဝန်းကျင်တော့တစ်ယောက်မှထိခိုက်မှုမရှိဘူးလို့ကြားတယ်။ ဖိုးသမားတော့ပွဲချင်းပြီးသွားတယ် ” လို့ လုံးခင်းကျေးရွာရပ်ကွက်(၅)မှာနေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးက Manau Voice ကိုပြောပါတယ်။

မိုင်းပေါက်ကွဲကာသေဆုံးသွားတဲ့ အမျိုးသားရဲ့ရုပ်အလောင်းကို လုံးခင်းကျေးရွာလူမှုကူညီရေးအဖွဲ့က သွားရောက်သယ်ယူခဲ့ပြီး ရပ်ကွက်ဒေသခံပြည်သူတွေလည်း လမ်းသွားလမ်းလာသတိထားသွားလာနေထိုင်သင့်တယ်လို့ ဆိုပါတယ်။

” တကယ်လို့ သူသာမကောက်မိခဲ့ရင်တခြားသူတွေကောက်မိမှာပါ။ ခုဆိုအထုပ်မဲတွေ့တာနဲ့ဝေးဝေးကနေ ရှောင်သွားသင့်တယ်။ အလောင်းတော့ ခုချိန်ဆိုလုံးခင်းသုသာန်မှာရောက်နေပြီ။ လူနေရပ်ကွက်တွေမှာ မိုင်းထောင်တာတော့ ဘယ်အဖွဲ့စည်းပဲဖြစ်နေပါစေ မုန်းပါတယ်” လို့ လုံးခင်းကျေးရွာမှာနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

လုံးခင်းကျေးရွာ ရပ်ကွက် (၄) မှာလည်း မေလ ၇ ရက်နေ့က ထွန်း ဗီနိုင်းအနီး ထောင်မိုင်းတလုံးပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့ပါသေးတယ်။

သတင်း – Ah Gue
စာမူတည်းဖြတ် – ကိုကျော်ဝဏ္ဏ

ပုံစာ – ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာ ရပ်ကွက် (၅) ဝင်းဝင်းချိုတည်းခိုခန်းအနီး အထုပ်မဲတထုပ်ကိုကောက်မိရာမှ မိုင်းပေါက်ကွဲပြီး သေဆုံးခဲ့ရသည့်အမျိုးသား။

Leave a Reply

Your email address will not be published. Required fields are marked *