မြဝတီမြို့ စားသောက်ဆိုင်မှာ ထိုင်းဘတ်ငွေအတုသုံးခဲ့တဲ့ PC ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့အရာရှိကို စစ်အုပ်စု ဖမ်းဆီးစစ်ဆေးနေ

ဇွန် ၁၃၊ ၂၀၂၆

ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့ဘက်က ကုန်သွယ်ရေးတံတား ၂အနီးက SSS သုံးလုံး စားသောက်ဆိုင်မှာ ထိုင်းဘတ်ငွေအတုနဲ့ စားသောက်ငွေရှင်းခဲ့တယ်လို့ ကနဦးသိရတဲ့ KNU၊ KNLA၊ PC ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူကို စစ်အုပ်စုနဲ့ PC တပ်ဖွဲ့ ဆက်ဆံရေးရုံး အရာရှိတွေက မနေ့က ဇွန်လ၁၁ရက် ညနေပိုင်းက ပူးပေါင်းဖမ်းဆီးခဲ့တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

ဇွန်လ ၁၁ရက်နေ့က မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်အပိုင်း၊ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား (၂) အနီးက SSS သုံးလုံး စားသောက်ဆိုင်မှာ ထိုင်းဘတ်ငွေအတုနဲ့ လာရောက်စားသောက်ပြီး ဘတ်ငွေတုပေးချေခဲ့ကြောင်း စစ်အုပ်စုရဲတပ်ဖွဲ့ကို သတင်းပေးတိုင်ကြားတာကနေသွားရောက် စစ်ဆေးဖမ်းဆီးခဲ့တာလို့ မြဝတီသတင်းအရင်းအမြစ်က ပြောပါတယ်။

” ဆိုင်က တံတား၂နားက SSS လုံးဆိုင်မှာလာ စားသွားတဲ့ Pc စောအာကာ(စစ်စစ်ဆဲ) လို့ ပြောတဲ့ ဗိုလ်ကြီးကဘတ်အတုနဲ့ ငွေရှင်းသွားတာကို လိုက်ဖမ်းပြီး စစ်ဆေးနေတာ‌၊ သူကိုဖမ်းဖို့က PC ဆက်ဆံရေးတာဝန်ခံစောလားဒိုနဲ့အဖွဲ့တွေလည်းပါတယ်၊ အဲ့ဒီလူကို မြဝတီစခန်းမှာ ဘတ်အတုကိစ္စနဲ့ ရဲကဆက်စစ်နေတယ်၊ ဘတ်အတုမိတာက ကနဦး ဘတ်၅၀၀၀ထောင် အတုမိတာ ” လို့ မြဝတီသတင်းအရင်းအမြစ်က ပြောပါတယ်။

အခုလို ဘတ်ငွေတုဖမ်းမိသတင်းကို မြဝတီစစ်အုပ်စုနီးစပ်သူတွေက သတင်းပိုစ့်တင်ကြပေမယ့် ၁၂ရက် မနက်ပိုင်းမှာတော့ စစ်အုပ်စုကကွင်းဆက်တရားခံတွေ ဆက်လက်စုံစမ်းဖမ်းဆီးနေလို့ သတင်းပိုစ့်တွေ ပြန်ဖြုတ်ချသွားတယ်လို့ သိရပါတယ်။

လတ်တလော PCတပ်ဖွဲ့အရာရှိ ထိုင်းဘတ်ငွေတုအသုံးပြုလို့ စစ်အုပ်စုကဖမ်းဆီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး PRM က သီးခြားအတည်ပြုနိုင်ဖို့ မြဝတီ PCတပ်ဖွဲ့ ဆက်ဆံရေးရုံးအရာရှိတွေကို တယ်လီဖုန်းဆက်သွယ်ပေမယ့်ဖုန်းလက်ခံဖြေဆိုတာမျိုးတော့ အဆက်အသွယ်မရရှိသေးပါဘူး။

အခုလို ထိုင်းဘတ်ငွေအတုဘတ်တစ်ထောင်တန် ၅ရွက် သိမ်းဆည်းရမိတဲ့အခြေအနေအပေါ် မြဝတီ မြို့မှာ ဈေးရောင်းဈေးဝယ်တွေအကြား ထိုင်းဘတ်ငွေနဲ့ ရောင်းဝယ်တာမှာ ငွေအတုလက်ခံမမိစေရေး စိုးရိမ်နေရတယ်လို့ မြဝတီမြို့က ကုန်မျိုးစုံ လက်လီရောင်းချတဲ့ ဈေးဆိုင်ရှင်တွေက ပြောပါတယ်။

” မြဝတီကတစ်နေ့ထက် တစ်နေ့ မရိုးအောင်သတင်းတွေဖြစ်တယ်၊ အနယ်နယ်ကလာတဲ့ ခိုးဆိုးနိုက်တွေ က အဖွဲ့အစည်းအရေခြုံပြီး လက်နက်ပြလုပ်စားကိုင်စားတာတွေ၊ လုယက်ဓားပြတိုက်တာတွေ များလာတယ်၊ အခုလည်းထိုင်းဘတ်အတုတွေနဲ့ ဈေးဝယ်၊ ဆိုင်ထိုင်တာတွေကနေ ငွေတုတွေဖြန့်ထုတ်နေတယ်ဆိုတော့ ရောင်းရဝယ်ရတာအဆင်မပြေတော့ဘူး၊‌ ငွေတုမိရင် ပြသနာကရှုတ်ပြီလေ” ဟု မြဝတီမြို့ခံဆိုင်ရှင်က ပြောပါတယ်။

လက်ရှိမှာတော့ ဘတ်ငွေတုတွေပြန့်နှံ့နေတာဟာ မြဝတီ KK Park တရုတ်ကျားဖြန့် တရုတ်ဆိုဒ် ဖျက်ဆီးစဉ်က ၎င်းတို့ ငွေလိမ်ရာမှာ ဟန်ပြအသုံးပြုတဲ့ ငွေစက္ကူအတုတွေက တစ်ဆင့်ပြန့်နှံ့လာနေတာဖြစ်နိုင်ချေရှိကြောင်း၊ ငွေစက္ကူအတုများတင်မကဘဲ ဆေးလိပ်အတု၊ အရက်အတုနဲ့ စားသောက်ကုန်အတုများလည်း နယ်စပ်ဈေးကွက်မှာပြန့်နှံ့နေကြောင်း ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေကို စုံစမ်းမေးမြန်းချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *