အယ်ဒီတာ့အာဘော်
အယ်လ်နီညိုအန္တရာယ်ကြောင့် ကမ္ဘာတစ်လွှာမှာ နွေရာသီအပူချိန်များ မြင့်တက်လာခြင်း၊ ရေရှားပါးမှုများ ပိုမိုကြုံတွေ့လာနိုင်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။
ယင်းအခြေအနေများသည် မြန်မာနိုင်ငံအနှံ့ ပြည်သူများ၏ နေထိုင်မှုဘဝ၊ စားနပ်ရိက္ခာလုံခြုံရေးနှင့် ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်နိုင်သဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအနေဖြင့် အချိန်မီ ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူများ၏ ကိုယ်စားပြုအစိုးရအဖြစ် ရပ်တည်နေသည့်အတွက် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ပြည်သူများ၏ လူမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကျပ်အတည်းများကိုလည်း အလေးထား ဆောင်ရွက်သင့်သည်။
အယ်လ်နီညို၏ သက်ရောက်မှုများသည် နိုင်ငံရေးအခြေအနေကို မရွေးချယ်ဘဲ ပြည်သူအားလုံးအပေါ် သက်ရောက်နိုင်သည်။ ထို့ကြောင့် NUG စိုးမိုးထားနိုင်သော ရေရှားပါးနိုင်သည့် ဒေသများကို ကြိုတင်ဖော်ထုတ်ခြင်း၊ ရေအရင်းအမြစ်များ စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးရေးထိခိုက်မှု လျော့နည်းစေရန် တောင်သူများအား နည်းပညာနှင့် အထောက်အပံ့များ ပံ့ပိုးခြင်းတို့ကို အရေးတကြီး စီမံဆောင်ရွက်သင့်သည်။
ထို့အပြင် စစ်ဘေးရှောင်စခန်းများနှင့် အားနည်းထိခိုက်လွယ်သော လူထုအုပ်စုများအတွက် ရေသန့်၊ ဆေးဝါးနှင့် အရေးပေါ်အသုံးအဆောင်များကို ကြိုတင်သိုလှောင်ထားခြင်း၊ အပူလှိုင်းဒဏ်နှင့် ဆက်စပ်ကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်ရန် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းတို့လည်း လိုအပ်ပါသည်။
NUG အနေဖြင့် အယ်လ်နီညိုအန္တရာယ်နှင့် ပတ်သက်သည့် စီမံချက်များ၊ ပြင်ဆင်ထားမှုများနှင့် ဆောင်ရွက်နေသည့် အစီအစဉ်များကို ပြည်သူများထံ ပွင့်လင်းမြင်သာစွာ အသိပေးသင့်သည်။ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများ၏ ယုံကြည်မှုကို ပိုမိုရရှိစေပြီး သဘာဝဘေးအန္တရာယ်များကို ပူးပေါင်းရင်ဆိုင်နိုင်မည် ဖြစ်သည်။
တော်လှန်ရေးကာလအတွင်း စစ်ရေးနှင့် နိုင်ငံရေးအောင်မြင်မှုများသာမက ပြည်သူများ၏ အသက်ရှင်ရပ်တည်ရေးနှင့် ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်မှုသည်လည်း အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည်။
ထို့ကြောင့် NUG အနေဖြင့် အယ်လ်နီညိုအန္တရာယ်ကို အနာဂတ်ပြဿနာတစ်ခုအဖြစ် မမြင်ဘဲ လက်ရှိရင်ဆိုင်ရန် လိုအပ်နေသည့် အရေးပေါ်စိန်ခေါ်မှုတစ်ရပ်အဖြစ် သဘောထားကာ ကြိုတင်ပြင်ဆင်မှုများကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။