စစ်တပ်က စစ်ဆင်ရေးအရှိန်မြှင့်တိုက်ခိုက်နေလို့ ကျောက်တံခါးမြို့နယ်အတွင်းက ဒေသခံ ၃၀ နီးပါးသေဆုံးပြီး၊လူတစ်သောင်းဝန်းကျင် ဘေးလွတ်ရာတိမ်းရှောင်နေရ။

ဇွန်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်

ပဲခူးတိုင်းဒေသကြီး၊စစ်တောင်းမြစ်အရှေခြမ်းရှိ ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာအုပ်စုတွေဘက်ကို ၂၀၂၆ခုနှစ် မတ်လကစပြီး စစ်အုပ်စုတပ်က အင်အားအလုံးအရင်းနဲ့ စစ်ရေးအရှိန်မြှင့် စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် အခုဇွန်လအထိ အရပ်သား၃၀ နီးပါးသေဆုံးပြီး ဒေသခံကျေးရွာသားလူတစ်သောင်းဝန်းကျင်ဟာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေက PRM ကိုပြောပါတယ်။

စစ်အုပ်စုတပ်က  ပြီးခဲ့တဲ့ မေလ လဆန်းရက်ကတည်းက ကျောက်တံခါးမြို့နယ်အတွင်းက ရေတွင်းကုန်း၊ရွာမ၊ ခင်ကန့်လန့်၊ ဘုရားငုတ်တို၊ အလှိုင်နှင့် သမင်အင်းကုန်း ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးတပ်စွဲထားတယ်လို့သိရပါတယ် ။

ဒါအပြင်စစ်အုပ်စုက နတ်သလင်း၊ ကျောက်စရစ်၊ ငါးဖယ်အင်းနှင့် ကညင်ကြိုးကျေးရွာတွေဘက်ကိုလည်း စစ်အင်အား ၁,၀၀၀ ကျော်အပြင် လေကြောင်း၊လက်နက်ကြီးနဲ့ဒရုန်းများအသုံးပြုပြီး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ဒေသခြေစိုက် KNLA မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ စစ်တောင်းမြစ်အရှေ့ခြမ်းက စိုးမိုးနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်အောင် စစ်ဆင်တိုက်ခိုက်နေတာပါ။

အဲ့ဒီဒေသ ကျေးရွာတွေကို စစ်အုပ်စုက ပိတ်ဆို့စစ်ဆင်တိုက်ခိုက်ဖို့ လမ်းပန်းဆက်သွယ်ရေးနဲ့ စား‌သောက်ကုန်သယ်ယူရောင်းချတာတွေ ကန့်သတ်ထားလို့ လူမှု့စီးပွာဘဝတွေ ခက်ခဲလာနေတယ်လို့ စစ်ဘေးရှောင်ဒေသခံတွေက ပြောပါတယ်။

“ဒီဘက်ခြမ်းတွေကို စစ်တပ်က ဖြတ်လေးဖြတ်ပုံစံမျိုးလုပ်ပြီး ကုန်ပစ္စည်းတွေကန့်သတ်ထားတာဆို တော့ ကုန်ဈေးနှုန်းက တော်တော်မြင့်တက်လာတယ်၊ဓာတ်ဆီဆိုရင်လည်း တစ်လီတာကို ကျပ် ၁၀,၀၀၀ အထိ ဈေးတက်လာတော့ အဆင်မပြေတော့ဘူး၊ ကျွန်တော်တို့ အိမ်နဲ့လယ်တွေကို ပစ်ထားခဲ့ရပြီး ဘေးလွတ်ရာကို ပြေးရတာဆိုတော့ ဒီနှစ်လယ်စိုက်ဖို့က မဖြစ်နိုင်သလောက်ပါပဲ၊ ရွာကလူတွေလည်း ပြေးကြရတော့ လယ်တွေက ဒီတိုင်း ကွက်လပ်ပဲ၊လယ်လည်း မစိုက်ဖြစ်ကြဘူး၊ဒီနှစ်တော့ စပါးအထွက်နှုန်းတွေကျပြီး ဆန်ဈေးတက်လာနိုင်တဲ့ အခြေအနေမှာရှိတယ်” လို့ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာဒေသခံက ပြောပါတယ်။

အခုလို စစ်အုပ်စုက ဒေသတွင်း စစ်ရေးအရှိန်မြှင့် ထိုးစစ်ဆင်နယ်မြေရှင်းလင်းရေးလုပ်တာကြောင့်
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ဒေသ ကျေးရွာတစ်ချို့ကနေ ခွာစစ်ဆင် တပ်ဆုတ်ပေးရတာမျိုးတွေရှိနေတယ်လို့ ပဲခူးတိုင်းထဲက ပြည့်သူကာကွယ်ရေးတပ်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

“စစ်တပ်က တစ်နေရာတည်းကို အလုံးအရင်း တောက်လျှောက်ထိုးတာမဟုတ်ဘဲ Weak point(အားနည်းချက်) တွေကို ထောက်လှမ်းပြီးမှ ကျေးရွာနယ်မြေလမ်းပိုင်းအလိုက် ဘယ်ဘက်ကနေ ထိုးလိုက်၊ ညာကနေ ထိုးလိုက်၊ အလယ်ကနေ ထိုးလိုက် အဲ့ဒီပုံစံနဲ့ အကဲစမ်းပြီး စစ်ထိုးနေတာ၊တော်လှန်ရေးတပ်တွေကတော့ စစ်တပ်ရဲ့ လေကြောင်းအရေးသာမှုကြောင့် တချို့နေရာတွေက ဆုတ်ပေးနေရတာတွေရှိတယ်၊နှစ်ဖက် အထိခိုက်အကျအဆုံးတွေလည်း ရှိတယ်”လို့ PDF တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၅ရက်က ရန်ကုန်- မန္တလေး လမ်းဟောင်းလမ်းပိုင်းက ပဲနွယ်ကုန်း၊ ပိန်းဇလုပ်နဲ့ ကျောက်တံခါးမြို့နယ်ထဲက စစ်အုပ်စုတပ်ရင်းတွေက ပစ်ခတ်တဲ့ လက်နက်ကြီး၊ဒရုန်းအပြင် လေယာဥ်ဗုံးကြဲတာကြောင့် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းက ကျောင်းကုန်းရွာနဲ့ ဒလဆိပ်ကျေးရွာတွေက အမျိုးသမီး ၁၇ ဦး၊ အမျိုးသား ၈ ဦးနဲ့ အသက် ၆ နှစ်ကျော် ကလေးငယ်များ အပါအဝင် လူအယောက် ၃၀ နီးပါး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က အတည်ပြုထုတ်ပြန်ထားပါတယ်။

အခုလို စစ်အုပ်စု စစ်ဆင်ရေးကြောင့် ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ရေတွင်းကုန်းကျေးရွာအပါအဝင် ရွာပေါင်း၁၀ရွာကျော်က အိမ်ခြေပေါင်း ၁၀၀၀ ကျော်မှာနေထိုင်ကြတဲ့ ဒေသခံ ၁၀၀၀၀ ဝန်းကျင်ဟာ မတ်လလဆန်းရက်ပိုင်းလောက်ကစပြီး တိုက်ပွဲမဖြစ်သေးတဲ့ ကျေးရွာတွေဘက်ကို နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *