By – ထက်မြတ်
Date – June 4 , 2026
ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ် ၊ ကျီးပြတ်ကျေးရွာက ပြည်သူနေအိမ်ခြံဝန်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပဲခူးအနောက်ရိုးမဗျူဟာ − ၂၂ က ဇွန်လ ၃ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အုတ်ဖိုမြို့နယ်၊တိမ်မြှုပ်တပ်ကနေ ရဲ ၊ ပျုစောထီးတွေ နဲ့ ပူးပေါင်းပြီး မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အင်အား ၃၀၀ ဝန်းကျင်နဲ့ ကျီးပြတ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာထဲကခြံဝန်းတစ်ခုမှာတပ်စွဲထားချိန် ကာကွယ်ရေးပူးပေါင်းတပ်က ဒရုန်းဗုံးများကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အခုလို ကာကွယ်ရေးတပ်က ဒရုန်းဗုံးသီးများ နဲ့ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်အုပ်စု အထိုင်ချထားတဲ့ ကျေးရွာထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၂ နာရီခွဲဝန်းကျင်ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ဗိုလ်တစ်ဦးအပါ ၁၂ ဦးသေဆုံး ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဆိုပါတယ်။
“စစ်ကြောင်းက တိမ်မြှုပ်တက်နေပြီးတော့ ရဲ နဲ့ ပစတွေပေါင်းပြီး စစ်ကြောင်း ၃ ကြောင်း နဲ့ ထိုးလာတာ ပဲ။ကျနော်တို့ရွာထဲဝင်ပစ်တဲ့အချိန် တစ်ချို့စခတွေက ကျနော်တို့ မျက်မြင်တင်ကျဆုံးခဲ့တာ ရှိတယ်။တစ်ချို့ဒဏ်ရာ နဲ့ သွေးထွက်လွန်ခဲ့တာတွေလည်းရှိတယ်”ကို ဗျုဟာ ၂၂ရဲ့ တာဝန်ခံကပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အထိနာသွားတဲ့အကြမ်းဖက်စစ်အုပ်စုဟာ ကျီးပြတ်ကျေးရွာထဲကနေ ပြန် လည်ဆုတ်ခွာနိုင်ဖို့အတွက် လက်နက်ကြီးများဆက်တိုက်ပစ်ခတ်ရင်း နောကုန်းကျေးရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဗျုဟာ (၂၂) လုံခြုံရေးတပ်ဖွဲ့ ၊ ၃၇၀၁ တပ်ရင်း တပ်ခွဲ (၂) ၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁/၂/၃/၄/၅/၆/၇ ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ (၁) နဲ့ တပ်ခွဲ (၅) ၊ သာယာဝတီခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တပ်ခွဲ (၃) မိုးညို ၊ လက်ပံတန်းမြို့နယ် ပကဖ ၊ သာယာဝတီခရိုင် ပကဖ တိုက်ခရိုင်ရေးတပ်ဖွဲ့ (ရွှေတန်းမြေ) ၊ သာယာဝတီခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့ ၊ ရန်ကုန်ပကဖတိုက်ခိုက်ရေးအဖွဲ့ (၇) တပ်ခွဲ (၁) တို့ပူးပေါင်းလုပ်ဆောင် ခဲ့ကြပါတယ်။
အဲဒီနှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးတာ နဲ့ ပတ်သက်ပြီး People’s Radio Myanmar အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဒါ့အပြင် အုတ်ဖိုနယ်ထဲကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာချိန် ကျီးပြတ်ကျေးရွာအပါ အခြားကျေးရွာက ဒေသခံတစ်ချို့ဟာ ကျေးရွာတွေထဲကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့အတွက် စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းမခံရသလို ၊ ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှာလည်း ထိခိုက်သေဆုံးသူတွေရှိဘူးလို့ဆိုပါတယ်။
“ကျီးပြတ်ရွာက ပြည်သူတွေကတော့ ကျနော်တို့တိုက်ပွဲဖြစ်တဲ့အချိန်မှာ ရွာထဲမှာလူမရှိကြတော့ဘူး။အကုန်လုံးရှောင်ထားကြပြီး။စစ်ကြောင်းစထိုးလာကတည်းက တစ်ချို့ပြည်သူတွေ ကြိုရှောင်ထားကြတယ်ဗျ” လို့အထက်ပါ တာဝန်ရှိသူကဆက်ပြောပါတယ်။
အခုလို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျီးပြတ်ရွာပြည်သူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်မေးမြန်းလို့မရရှိခဲ့ပေ။
ပဲခူးအနောက်ရိုးမဗျုဟာ − ၂၂ ကွပ်ကဲမှုအောက်မှာရှိတဲ့ ကာကွယ်ရေးတပ်တွေဟာ ပြီးခဲ့တဲ့မေလ ၁၀ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ် ၊ အေးမြသာယာမြို့သစ် ၊ မြို့အဝင် ပျူစောထီးစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပျုစောထီးတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၊ ၆ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။