ဇွန်လ – ၁ ရက်
၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်က စတင်ပြီး ဗီယက်နမ်၊ တရုတ်၊ လာအို၊ မြန်မာနိုင်ငံတွေအနေနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ သယ်ယူပို့ဆောင်မှုတွေကို နှိမ်နင်းဖို့အတွက် သုံးလကြာ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဟနွိုင်းမြို့မှာ ကျင်းပခဲ့တဲ့ လေးနိုင်ငံ ကိုယ်စားလှယ်များ အစည်းအဝေးမှာ ဒီအစီအစဉ်ကို သဘောတူခဲ့တာဖြစ်ပြီး စစ်ဆင်ရေးကာလမှာ စက်တင်ဘာ ၁၅ ရက်အထိ ကြာမြင့်မှာပါ။
ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ငုယင်ဗန်လုံက မူးယစ်ဆေးဝါးရာဇဝတ်မှုတွေဟာ ဒေသတွင်းတွင် ပိုမိုရှုပ်ထွေးလာနေပြီး လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံရေးကတိကဝတ်တစ်ရပ်ကဲ့သို့ အရေးပါကြောင်း ပြောကြားခဲ့ပါတယ်။
ပူးတွဲအရေးယူမှု အစီအစဉ်အရ နယ်စပ်ဒေသများ၊ နယ်စပ်ဂိတ်များ၊ မြစ်ကြောင်း၊ ပင်လယ်နဲ့ လေကြောင်းလမ်းကြောင်းတွေကို စောင့်ကြည့်ထိန်းချုပ်မှုများ တိုးမြှင့်သွားမှာဖြစ်သလို နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးကွန်ရက်များနဲ့ အဓိက ဖြန့်ဖြူးရေးစခန်းတွေကို ပူးပေါင်းစုံစမ်းဖော်ထုတ်သွားမယ့် အကြောင်းသဘောတူခဲ့ကြပါတယ်။
ဒါအပြင် လေးနိုင်ငံက တရားခံပြေးတွေကို ရှာဖွေဖမ်းဆီး၍ ပြန်လည်လွှဲပြောင်းပေးအပ်ရေးကိစ္စမှာလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှုခင်းများ စုံစမ်းရာမှာ အထောက်အကူပြုနိုင်ရန် ဆက်သွယ်ရေးအရာရှိများ ခန့်အပ်ထားရှိဖို့ စီစဉ်ထားပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ အရှေ့နဲ့ အရှေ့တောင်အာရှဒေသအတွင်း စိတ်ကြွမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုမှာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရွှေတြိဂံဒေသဟာ ယနေ့ထိ စိတ်ကြွမူးယစ်ဆေးဝါး အဓိကထွက်ရှိရာ နေရာတစ်ခုအဖြစ် ဆကလက်တည်ရှိနေကြောင်း ဖော်ပြထားပါတယ်။
ကိုးကား – The Nation Thailand
ဓါတ်ပုံ – The Nation Thailand