By – ထက်မြတ်
Date – August 15, 2026
မန္တလေးတိုင်း ၊ တောင်သာမြို့နယ် ၊ အေးရွာဂက်စ်ပိုက်လိုင်း အထိုင်ဂိတ်ကနေဆိုင်ကယ် နဲ့ထွက်လာတဲ့ ၇၈ တပ် (ကြည်း)က ဒုဗိုလ်မောင်သိန်းကို ဩဂုတ် ၁၃ ရက် ၊မနက် ၇ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Taung Tha People Defense Force ဆီကသိရပါတယ်။
ကျောက်ပန်းတောင်နယ်ထဲမှာ စစ်ကြောင်းရှိနေတဲ့အတွက် အေးရွာဂက်စ်ပိုက်လိုင်းအထိုင်ဂိတ်မှာ အထိုင်ချထားတဲ့စစ်အုပ်စုဟာ အရပ်ဝတ်များ နဲ့ သွားလာလှုပ်ရှားနေတဲ့အတွက် ကာကွယ်ရေးတပ်သားတွေဟာ အဆိုပါ စစ်အုပ်စုကို တိုက်ခိုက်ဖို့အတွက် ကင်းပုန်းဝပ်ပြီးစောင်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
အခုလို ကင်းပုန်းဝပ်ပြီးစောင့်ဆိုင်းနေရင်း ဒုဗိုလ်မောင်သိန်းဟာ ဆိုင်ကယ် နဲ့ထွက်လာချိန် အေးရွာပိုက်လိုင်းဂိတ် နဲ့ ဝဲလောင်စခန်းနဲ့ကြားအရောက်မှာ ကာကွယ်ရေးတပ်က အရှင်ဖမ်းဆီးဖို့အတွက်ပြုလုပ်နေချိန် ၎င်း နဲ့ အတူပါလာတဲ့လက်ပစ်ဗုံး နဲ့ ပစ်ခတ်ရင်းထွက်ပြေးခဲ့ပါတယ်။
အဲဒီနောက် ကာကွယ်ရေးတပ်သားတွေက လိုက်လံဖမ်းဆီးရာ ဒုဗိုလ်မောင်သိန်းဟာ ၎င်းမှာနောက်ထပ်ကျန်ရှိနေတဲ့ဗုံးတစ်လုံးနဲ့ ပစ်ခတ်ဖို့ပြုလုပ်ချိန် ကာကွယ်ရေးတပ်သားတွေက ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ဆိုပါတယ်။
” ပထမတော့ ဒီကောင့်ကို တားပြီးစစ်တဲ့အချိန်မှာ လက်ပစ်ဗုံးနဲ့အရင်ပစ်တာ ပစ်ပြီးတော့ ဆိုင်ကယ်ထားပြီး ထွက်ပြေးတာ။ပြေးတဲ့အချိန်မှာ ကျနော်တို့က နောက်ကလိုက်ပစ်တော့ ဗုံးနောက်တစ်လုံးဖြုတ်နေတဲ့အချိန်မှာ ခေါင်းမှန်ပြီးသေသွားတာ”လို့ Taung Tha People Defense Force မှတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဒုဗိုလ်မောင်သိန်းဆီကနေ လက်ပစ်ဗုံးတစ်လုံး၊ငွေသားအချို့နဲ့ ဆိုင်ကယ်တစီးအားသိမ်းဆည်းရမိခဲ့ပါတယ်။၎င်းဟာ ခရီးသွားပြည်သူတွေဆီကနေ ငွေကြေးများစွာကောက်ခံနေသူတစ်ဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။
” ဒီကောင်ကတော်တော်ဆိုးတာ အဲဒီပိုက်လိုင်းမှာတော်တော်အရာရှိတဲ့ဗိုလ်ပေါ့ ပြည်သူအပေါ်မှာငွေညစ်တာတွေ ၊ ငွေတောင်းတာတွေတစ်အားလုပ်တာ လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ကားတွေကို ကားလေးဆို ၅ သောင်း ၊ ကားကြီးဆို ၅ သိန်းအဲလိုတောင်းပြီးတော့အကြမ်းဖက်ပြီးငွေတောင်းလို့ခရီးသွားပြည်သူတွေက ဒီကောင်ကိုမုန်းနေကြတာ “လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
အဲဒီ အေးရွာဂက်စ်ပိုက်လိုင်းမှာ အကြမ်းဖက်စစ်အုပ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက အထိုင်ချထားတာဖြစ်တယ်လို့သိရပါတယ်။အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့လူအင်အားထပ်မံဖြည့်တင်းထားတယ်လို့ဆိုပါတယ်။