သရက်ချောင်းမှာ စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးပေါက်ကွဲပြီး မိသားစုဝင်သုံးဦးသေဆုံး

By – မင်းလူ
Date – 03/ 06/ 2026

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သင်းကျွန်းကျေးရွာမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ မိသားစုဝင်သုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက် ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ သင်းကျွန်းကျေးရွာ ဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့တာပါ။

စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်အချို့ဟာ ရွာအပြင်ရှိ လယ်ယာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် အလုပ်လုပ်နေတဲ့ မိသားစုဝင်သုံးဦး ထိမှန်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက PRM ကို ပြောပါတယ်။

“သရက်နှစ်ခွဘက်ရွာမှာ စစ်တပ်ဂိတ်ရှိတယ်၊ အဲဒီဂိတ်ကနေ လှမ်းပစ်လိုက်တာ ယာထဲကျကွဲတာ နှစ်ယောက်က ပွဲချင်းပြီးပဲ၊ တယောက်က လမ်းမှာ ဆုံးတယ်ပြောတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် ဦးမီးလောင်နဲ့ ဇနီးဖြစ်သူ ဒေါ်မူမူ၊ ဦးမီးလောင်ရဲ့ အမအရင်းဖြစ်သူ ဒေါ်ရွှေငါးတို့ အစထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။

သရက်နှစ်ခွရွာနဲ့ သင်းကျွန်းရွာကြားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို ကျေးရွာတွေဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်တာတွေ ရှိနေပြီး အရပ်သားထိခိုက်တာနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ကာ တိုင်းအတွင်းရှိ တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေဘက်ကို စစ်ကြောင်းထိုးလုပ်လှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်နေတဲ့အတွက် ဒေသခံသောင်းချီ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောဆိုထားပါတယ်။

ဓါတ်ပုံ – Dawei Watch
ပုံစာ – သေဆုံးသွားတဲ့ မိသားစုဝင်များ

Leave a Reply

Your email address will not be published. Required fields are marked *